၂၀၁၇ ဒုတိယသုံးလပတ်မှာ iPhone 7 က အရောင်းရဆုံးစမတ်ဖုန်းအဖြစ် ရပ်တည်ခဲ့

၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းကို Strategy Analytics က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီစာရင်းအရ Apple ရဲ့ iPhone 7 နဲ့ iPhone 7 Plus တို့က ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး Galaxy S8 နဲ့ Galaxy S8+ တို့က တတိယနဲ့ စတုတ္ထနေရာတို့မှာ အသီးသီးရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ကနေ ဇွန်လအတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းရဲ့ ပဉ္စမနေရာမှာတော့ Xiaomi Redmi 4A က ကမ္ဘာ တစ်ဝန်းတင်ပို့ရောင်းချမှုအရေအတွက် ၅.၅ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။

iPhone 7 ဟာ ၁၆.၉ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၄.၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။ iPhone 7 Plus ကိုတော့ ၁၅.၁ သန်းရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၄.၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ Samsung ဟာ Galaxy S8 နဲ့ Galaxy S8+ တို့ကို မတ်လမှာ မိတ်ဆက်ခဲ့ပြီး ဧပြီလမှာ စတင်ရောင်းချခဲ့ပါတယ်။ Galaxy S8 ရဲ့ ရောင်းချရမှုပမာဏက ၁၀.၂ သန်းဖြစ်ပြီး Galaxy S8+ ကိုတော့ ၉ သန်း ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဈေးအရမ်းသက်သာတဲ့ Redmi 4A က Apple နဲ့ Samsung flagship တွေရဲ့အနောက်မှာ ရပ်တည်ခဲ့ပါတယ်။ ဒီဟန်းဆက်ရဲ့တန်ဖိုးက ယူရို ၁၀၀ ဝန်းကျင်သာရှိပြီး ဈေးကွက်ရှယ်ယာ ၁.၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၇ ဒုတိယသုံးလပတ်အတွင်း တင်ပို့ရောင်းချခဲ့တဲ့ စမတ်ဖုန်းစုစုပေါင်းပမာဏကတော့ သန်း ၃၆၀ ဖြစ်ပါ တယ်။

-နောင်နောင်