ဒုတိယကမ္ဘာစစ်တွင် ဂျပန် လက်နက်ချသည့် ၇၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

ဒုတိယကမ္ဘာစစ်မှာ ဂျပန်နိုင်ငံ လက်နက်ချတဲ့ ၇၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သြဂုတ် ၁၅ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊  ဂျပန်ဘုရင် အာကီဟီတို၊ မိဖုရား မီချီကိုတို့နဲ့အတူ ပရိသတ် ၆၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ဘုရင် အာကီဟီတိုက“အတိတ်ကိုပြန်ကြည့်ပြီး နက်နက်ရှိုင်းရှိုင်းရမိတဲ့နောင်တနဲ့အတူ ဒီလို ကြမ်းကြုတ်တဲ့ စစ်ပွဲမျိုး နောက်ထပ်မဖြစ်အောင် သန္နိဋ္ဌာန်ပြုပါတယ်” လို့ ပြောကြား သွားတာပါ။ “ဒီလိုကြမ်းကြုတ်တဲ့ စစ်ပွဲမျိုး နောင်ထပ်မဖြစ်ရဘူးဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ စစ်ပွဲကို ရှောင်ကြဉ်ပြီး ငြိမ်းချမ်းရေးကို ထွေးပွေ့တဲ့ တခုတည်းသော လမ်းကြောင်းပေါ်မှာ ကျေန်ာတို့လျှောက်လာကြတာပါ။ ကမ္ဘာကြီး ငြိမ်းချမ်း သာယာဝပြောဖို့ ကျနော်တို့ ကူညီထောက်ပံ့နေပါတယ်။ ကျနော်တို့ရဲ့ အတိတ်ကလုပ်ရပ်တွေကို ရိုသေကျိုးနွံ စွာနဲ့  အမြဲပဲကြည့်ရှုလေ့လာနေမှာဖြစ်သလို အနာဂတ်မှာလည်း ဘယ်လိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့ပါစေ ကျေန်ာတို့ရဲ့ မတုန်လှုပ်တဲ့ ငြိမ်းချမ်းရေးမူအပေါ်မှာပဲ ဆက်လက် ရပ်တည်သွားမှာပါ” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသွားပါတယ်။

“ဒီနေ့ ဘုရင်ကြီးနဲ့ ဘုရင်မကြီးက ကျမတို့ကို နွေးထွေးတဲ့နှလုံးသားနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့အတွက် စိတ်ကျေနပ်မိပါတယ်။ မျက်လုံးက မျက်ရည်တွေကျလာတာကို ကျမ ဘယ်လိုမှ တားလို့မရပါဘူး” လို့ ဒုတိယ ကမ္ဘစစ်ဒဏ်ခံခဲ့ရတဲ့ မိသားစုဝင် အသက် ၈၂ နှစ်အရွယ် မစ်ဆူယို ဆာကာရာဒါက ပြောကြားသွားတာပါ။ ဒုတိယ ကမ္ဘာစစ်ဒဏ်ခံခဲ့ရတဲ့ မိသားစုဝင် နောက်တဦးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ယိုရှီကာဇူ နီရှီတာနီ ကလည်း “ကျနော့်ရဲ့ တခုတည်းသောဆန္ဒက စစ်ပွဲကင်းတဲ့ ကမ္ဘာတခု ဖန်တီးဖို့ပါ” လို့ ပြောပါတယ်။

(DVB)