NCA လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေဟု ကေအင်န်ယူဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး စိန်ခေါ်မှုနှင့် ဝေဖန်မှုမျိုးစုံ ကြုံနေသော်လည်း NCA လက်မှတ်ထိုးရှစ်ဖွဲ့အနေဖြင့် ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ ဆက်လက် ချီတက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး NCA လက်မှတ် ထိုးရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်တစ်ဦးစီပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို သြဂုတ်၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာ ကျွန်တော်တို့ တိုင်းပြည်တစ်ပြည်လုံးအတွက် ငြိမ်းချမ်းရေးကို ချီတက်နေကြတယ်။ အဲဒီငြိမ်းချမ်းရေးက အဆုံးသတ်ပန်းတိုင်ကတော့ တိုင်းပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပြီးတော့ ချီတက်နေတာဖြစ်ပါ တယ်’’ ဟု ၎င်းကပြောသည်။ စိန်ခေါ်မှုဆိုရာတွင် NCA လက်မှတ်ထိုး ရှစ်ဖွဲ့အနက် အဖွဲ့အချို့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင် သေးခြင်း၊ တပ်မတော်နှင့် အဖွဲ့အချို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေခြင်းတို့ပါဝင်ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးသည့်အဖွဲ့များအနေဖြင့် ဆွေးနွေးပွဲကျင်းပခွင့်ရရေး အစိုးရ၊ တပ်မတော်တို့ထံ တောင်းဆိုသော်လည်း အာဏာပိုင်များက မီးစိမ်းမပြသေးဟု ၎င်းကပြောသည်။ ‘‘ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပျက်စီးဘဲနဲ့ ရှေ့ကိုတိုးနိုင်အောင် ကျွန်တော်တို့ လုပ်ချင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း အဓိပ္ပာယ်ပြည့်ပြည့်ဝဝနဲ့ လူမျိုးစုံစုံမှာ လုပ်နိုင်အောင် ဒါတွေနည်းလမ်းရှာတာပါ’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယခု PPST အစည်းအဝေး ပထမနေ့တွင် NCA လက်မှတ်ထိုး ရှစ်ဖွဲ့၏ အလုပ်အဖွဲ့က စုစည်းထားသည့် NCA အကောင်အထည်ဖော်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ချက်များကို အစီရင်ခံတင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ရဲ့သုံးသပ်တဲ့ လုပ်ငန်းစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားဖြည့်ဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်မဟုတ်ပါဘူးဆိုတာ ပေါ်လွင်အောင် ကြေညာချက်တစ်စောင်တော့ ထုတ်ရမှာပေါ့’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ PPST အစည်းအဝေးကို ယနေ့ (သြဂုတ် ၁၀ ရက်) တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။