ဗီဒီယိုအစီအစဉ်တွေကို ပြသပေးမယ့် Watch tab ကို Facebook မိတ်ဆက်

Facebook ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ Watch ဗီဒီယို platform ကို သုံးစွဲသူအချို့ထံ ဖြန့်ချိပေးခဲ့ပါတယ်။ Watch မှာ Facebook က ငွေကြေးထောက်ပံ့ထားတဲ့ မူရင်းပရိုဂရမ်တွေအပြင် အခြားသူတွေဖန်တီးထားတဲ့ ဗီဒီယိုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီ Watch tab မှာ သုံးစွဲသူရဲ့ စိတ်ဝင်စားမှုအလိုက် စိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ ဒီ Watch tab ကို လက်ရှိ Facebook မှာ ပါဝင်နေတဲ့ ဗီဒီယို tab နေရာမှာ အစားထိုးသွားမှာဖြစ်ပြီး Android, iOS, Web နဲ့ တီဗီအတွက် Facebook app တွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

atch မှာ အစီအစဉ်တွေ အများကြီးပါဝင်တဲ့အပြင် Facebook ဟာ တစ်ပတ်တစ်ခါ ပွဲစဉ်တစ်ပွဲ တိုက်ရိုက်လွှင့်နိုင်ဖို့ Major League Baseball နဲ့လည်း သဘောတူညီမှု ရယူထားပါတယ်။ Watch အနေနဲ့ အောင်မြင်မှုရခဲ့မယ်ဆိုရင် News Feed အတွင်းမှာ ကြော်ငြာသစ်လက်ခံဖို့ နေရာမရှိတော့တဲ့ Facebook အတွက် ဝင်ငွေရရှိနိုင်မယ့် ရင်းမြစ်သစ်တစ်ခုဖြစ်လာမှာပါ။ Watch ဟာ YouTube, Amazon နဲ့ Netflix အပါအဝင် ဗီဒီယိုလုပ်ငန်းတွေအတွက် အန္တရာယ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Facebook အနေနဲ့ Watch tab မှာပါဝင်တဲ့ တချို့အစီအစဉ်တွေအတွက် ငွေကြေးထောက်ပံ့ ထားပါသေးတယ်။ နောက်ပိုင်း ကျရင်တော့ ငွေကြေးထောက်ပံ့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး အဲ့ဒီအစား ကြော်ငြာကရတဲ့ ဝင်ငွေ ၄၅ ရာခိုင်နှုန်းကို ရယူသွားဖို့ Facebook က စီစဉ်ထားပါတယ်။ မူရင်း content ဖန်တီးသူကတော့ ကြော်ငြာဝင်ငွေ ၅၅ ရာခိုင်နှုန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

စိုးထက် Ref: TheVerge