တရုတ်တွင် အဝေးပြေးလမ်း ဥမင်နံရံကို ဘတ်စ်ကားဝင်တိုက်ပြီး ၃၆ ဦးထက်မနည်း သေဆုံး

တရုတ်တွင် အဝေးပြေးလမ်း ဥမင်တစ်ခုကို ဘတ်စ်ကားတစ်စီး ဝင်တိုက်ရာ အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နင်ရှန်းဒေသရှိ ဂျင်ကွန် အဝေးပြေးလမ်းပေါ်မှ ဥမင်တစ်ခု၏ နံရံကို ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းတွင် Express ဘတ်စ်ကားက တစ်စီးက ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ အနီရောင် ဘတ်စ်ကား၏ ရှေ့ပိုင်းသည် ဆိုးရွားစွာ ပျက်စီး ကြေမွသွားသည်ကို အခင်းဖြစ်ရာနေရာမှ မှတ်တမ်းဓာတ်ပုံများတွင် တွေ့နိုင်သည်။

အဆိုပါ ဘတ်စ်ကားသည် လူ ၅၁ ဦး သယ်ဆောင်နိုင်ခွင့်ရှိပြီး ယာဉ်တိုက်မှု၌ ၃၆ ဦးသေကာ ဒဏ်ရာရသူ ၁၃ ဦး ထက်မနည်း ရှိနိုင်ကြောင်း ကယ်ဆယ်ရေးများက ပြောကြားခဲ့သည်။ ဘတ်စ်ကားသည် ဆီချွမ်ပြည်နယ်မြို့တော် ချန်ဒူမှ တရုတ်နိုင်ငံ အလယ်ပိုင်းရှိ လျူယန်းသို့ ဦးတည် မောင်းနှင်နေခြင်း ဖြစ်သည်။

Xinhua သတင်းဌာနက ယာဉ်တိုက်မှုတွင် ထိခိုက်သောယာဉ်မှာ အဆိုပါ ဘတ်စ်ကား တစ်စီးသာရှိကြောင်း ဖော်ပြသော်လည်း အခြား ယာဉ်များ ဆက်စပ်ပါဝင်မှု ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘတ်စ်ကားသည် ဥမင်နံရံကို အရှိန်ပြင်းစွာ တိုက်မိခဲ့သော်လည်း မီးလောင်ကျွမ်းမှု မရှိခဲ့ဟု ဆိုသည်။

သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများကို ဒေသတွင်းရှိ ဆေးရုံတစ်ခုသို့ အမြန်ဆုံး တင်ပို့ခဲ့ကြောင်းလည်း အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိ ကူညီနေသူများက ပြောကြားခဲ့သည်။ တရုတ် အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်ဆုံး စုံစမ်းဖော်ထုတ်ရန် တာဝန်ရှိသူများကို တိုက်တွန်း ပြောကြားထားသည်။

တရုတ် အဝေးပြေးလမ်းများတွင် မြန်နှုန်းမြင့် မောင်းနှင်မှု၊ ယာဉ်မောင်းများ၏ အားနည်းချက် အစရှိသည့် အခြေအနေများကြောင့် မတော်တဆမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ ခန့်မှန်းမှုအရ တရုတ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်မှာ နှစ်စဉ် နှစ်သိန်းခြောက်သောင်းမျှ ရှိနေကြောင်း သိရသည်။

Ref: Xinhua