PNLO ညီလာခံ ယခုနှစ် အောက်တိုဘာတွင် ကျင်းပရန်ဆုံးဖြတ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ အောက်တိုဘာ အတွင်း ကျင်းပရန် ဆုံးဖြတ်ကြောင်း PNLO က မေလ ၂၀ ရက်၌ ထုတ် ပြန်သည်။

PNLO ဗဟိုကော်မတီကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပ၍ ညီလာခံကျင်းပမည့်ရက်ကို သတ်မှတ် ခြင်းဖြစ်ပြီး လာမည့်ညီလာခံတွင် ခေါင်းဆောင်ကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်မြင့် ထွန်းက ပြောသည်။

လက်ရှိတွင် PNLO ကို ဗဟိုအလုပ်အမှုဆောင်ခုနစ်ဦး၊ ဗဟိုကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

‘‘ညီလာခံထဲမှာတော့ ဥက္ကဋ္ဌ တို့၊ အတွင်းရေးမှူးတို့ ရွေးတာတော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဦးဆောင် နာယကဆိုတော့ အဲဒီနေရာတွေမှာပါတော့မှာ မဟုတ်ဘူး။ အရွေးခံမှာလည်း မဟုတ်ဘူး။ လက်ရှိဦးဆောင်နေ တဲ့အဖွဲ့တွေပဲ သူတို့အချင်းချင်း ပြန်ရွေးမှာပေါ့။ ကျွန်တော်ကတော့ ဦးဆောင်နာယကနေရာက ပံ့ပိုးပေးမယ်လို့ စိတ်ကူးထားပါတယ်’’ ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။

ဆက်လက်၍ ၎င်းက ‘‘ညီလာခံလုပ်မယ်ဆိုရင် ကျွန်တော်တို့ သုံးနှစ်အတွင်းမှာရှိတဲ့ အခြေအနေတွေ ပြန် သုံးသပ်မှာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်တဲ့ဟာကိုလည်း ပြန်သုံးသပ်မှာပေါ့။ မအောင်မြင်သေးတဲ့ဟာကို ဆက်လုပ်မယ်။ အောင်မြင်ပြီးသားကို ဘယ်နေရာမှားတယ်၊ ဘယ်နေရာ အားနည်း တယ်ဆိုတာ သုံးသပ်မယ်’’ ဟု ဆိုသည်။

PNLO ကို ၂၀၀၉ တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌတာဝန်ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာက တာဝန်ယူခဲ့သည်။ ၂၀၁၃ တွင် ကျင်းပသည့် PNLO ပထမအကြိမ် ညီလာခံတွင် ခွန်မြင့်ထွန်းက ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

အစိုးရနှင့် PNLO တို့သည် ၂၀၁၂ တွင် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့သည်။ ၂၀၁၅တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာ၌လည်း PNLO အဖွဲ့ သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

# 7 Day