FWA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကန်တီ ရရှိ

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီဟာ အားကစားကလောင်ရှင်များ အဖွဲ့ချုပ် FWA မှ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကြာသပတေးနေ့က ရရှိခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ပြင်သစ် ကွင်းလယ်လူဟာ မနှစ်ကရော ဒီရာသီမှာပါ မတူညီတဲ့ ကလပ်အသင်း ၂ ခုနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ၂ ကြိမ်ဆက် ရရှိတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ထားခဲ့သူ ဖြစ်ပါတယ်။

ဒီရာသီ ချဲလ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ကန်တီဟာ အာဆင်နယ် အသင်းနဲ့ FA ဖလား ဗိုလ်လုပွဲကိုလည်း ချဲလ်ဆီး အသင်း အတွက် ပါဝင်ကစားရမှာ ဖြစ်လို့ သူ့အတွက် ရာသီမကုန်ခင်မှာ နောက်ထပ် ဆုဖလား တစ်ခု ရယူထားနိုင်မယ့် အခွင့်အရေး ရှိနေသေးတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီဟာ ဆုလက်ခံရယူမှု အပြီးမှာတော့ သူတို့ အသင်း အနေနဲ့ လာမယ့်ရာသီမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ လိုအပ်သလို FA ဖလား အပြင် EFL Cup ဆုဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကိုလည်း ရယူနိုင်ဖို့ အတွက် ပစ်မှတ်ထားနေကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

-Ref; Sky Sports