အေအိုင်ဒီအက်စ် ရောဂါကို ၂၀၃၀ တွင် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ပပျောက်ရန် ဆောင်ရွက်မည် ဟုဆို

AIDS ရောဂါကို ၂၀၂၀ ပြည့်နှစ်တွင် ၉၀ ရာခိုင်နှုန်း ကုသမှုပေးနိုင်ရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူ့ ကျန်းမာရေးပြဿနာ အဖြစ်မှ လုံးဝပပျောက်ရေး ဆောင်ရွက်မည်ဟု ခုခံအား တိုက်ဖျက်မှု စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။ ‘‘ပြောရရင်  ၂၀၃၀  မှာ Ending AIDS လို့ ရည်မှန်းထား ပါတယ်’’ဟု ဒေါက်တာထွန်းညွန့် ဦးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗီရောဂါဖြစ်ပွားသူ နှစ်သိန်း နှစ်သောင်းကျော်အနက် အေအာတီ ဆေးဝါးဖြင့် ကုသနေသူ တစ်သိန်းတစ်သောင်းကျော်ရှိ ကာ ဆေးဝါးကုသမှု ပိုမိုလက် လှမ်းမီလာသည်ဟု Myanmar Positive Group က ၂၀၁၆ တွင် ထုတ်ပြန်ထားသည်။

စစ်တမ်းများအရ ၂၀၀၅ မှ ၂၀၁၀ အတွင်း ကာလများသည် ဆေးရုံများ၌ ဆေးရရှိရန် လာရောက်စောင့်ဆိုင်းသူ ဆယ်ဦးခန့် တွင် နှစ်ဦး၊ သုံးဦးနှုန်းထက် ဆေးပိုပေးနိုင်ခဲ့ခြင်းမရှိကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ဆိုသည်။

‘‘ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်မြို့လေးမြို့က ဆေးရုံခြောက်ရုံနဲ့ ART ဆေးတွေ ကို စခဲ့တယ်။ အဲဒီအချိန်တုန်းက ရောဂါသည်တွေ ဆေးရဖို့အတွက်စောင့်ဆိုင်းနေခဲ့ရတာတွေ အများကြီးရှိခဲ့တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အိတ်ခ်ျအိုင်ဗီ နှင့် နေထိုင်သူများအသင်း (My-anmar Positive Group)၏ ၂၀၁၆ သဘောထား ထုတ်ပြန်ချက်၌ တစ်နိုင်ငံလုံးတွင် အေအာတီကုသရေး စင်တာ ၉၉ ခုနှင့် မြို့နယ် အဆင့် အေအာတီဆင့်ပွား ဆေးပေးဌာန ၁၄၀ ခန့် ဆောင်ရွက်နေကြောင်း ပါရှိ သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအ တိုင်းအတာအရ ရောဂါဖြစ်ပွား နှုန်းမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ဖြစ်ပွားလျက် ရှိသည်ဟု ဒေါက်တာ ထွန်းညွန့်ဦးက ဆို သည်။

‘‘လူ ၂၀၀ မှာ တစ်ယောက် လောက်ပဲ ဖြစ်တယ်။ အသစ်ဖြစ် ပွားမှုနှုန်းကတော့ ကျလာတယ်။ ရောဂါပိုး ကတော့ တန့်နေတဲ့သဘောရှိတယ်’’ ဟု ဒေါက်တာထွန်းညွှန့်ဦးက ပြောသည်။

လက်ရှိတွင် HIV (ခုခံအား ကျဆင်းမှုရောဂါ) အမျိုးသားမ ဟာဗျူဟာစီမံကိန်းတတိယ ငါး နှစ်(၂၀၁၆-၂၀၂၀) ကို အကောင် အထည်ဖော်နေပြီး ရှေ့ဆက်မည့် လေးနှစ်စီမံချက်အတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါစီမံကိန်း ရှင်းလင်းပွဲ၌ ပြော ကြားသည်။

‘‘ဒီပရိုဂရမ်ကြီးရဲ့ ရည်မှန်း ချက်က ART ဆေးများများကျွေးဖို့ မဟုတ်ဘူး။ HIV အသစ်မဖြစ်ဖို့ အရေးကြီး တယ်’’ ဟု ပြည်ထောင် စုဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏အိတ်ခ်ျအိုင်ဗီ အသစ် ရောဂါကူးစက်ခံရမှုနှုန်း သည် ၂၀၀၀ ပြည့်နှစ်တွင် ၃၅,၀၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၁,၀၀၀ ဦးခန့်အထိ နှစ်အလိုက် လျော့ကျလာခဲ့ကြောင်း အထက်ပါ အဖွဲ့ကထုတ်ပြန်သည်။

# 7 Day