နောက်ထပ် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားနေပြီဟု ကျွမ်းကျင်ပညာရှင်များ သတိပေး

ပြီးခဲ့သောသီတင်းပတ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာများအား ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်ကိုပင် သေးနုပ်သွားစေနိုင်သည့် နောက်ထပ် ကြီးမားပြီး ခိုးကြောင်ခိုးဝှက်နိုင်သော ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုသည် ဖြစ်ပွားနေပြီဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ တစ်ခုက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

Wanna Cry ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုကို အရှိန်လျော့စေခဲ့သည့် သူရဲကောင်းဟု ချီးကျူးခံရသည့် ဗြိတိန်အိုင်တီပညာရှင် မားကပ်စ်ဟက်ချင်

ပြီးခဲ့သောသီတင်းပတ်က Wanna Cry randomware ဖြင့် တိုက်ခိုက်မှုတွင် ထိခိုက်ခဲ့ရသည့် ကွန်ပျူတာများကိုပင် ယခုတိုက်ခိုက်မှုက ပစ်မှတ်ထားခဲ့ပြီး ဖိုင်များအား ထိန်းချုပ်လိုက်ခြင်းထက် အွန်လိုင်းသုံးငွေကြေးများကို ရယူရန် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည် ဟု ယုံကြည်ရသော ကွန်ပျူတာအများအပြားကို အသုံးချခဲ့သည်။

မေ ၁၂ ရက်တွင် Wanna Cry ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း Wanna Cry နှင့် ဆက်နွှယ်သော Adylkuzz ဟုခေါ်သည့် တိုက်ခိုက်မှုသစ်ကို Proofpoint မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်ဟု ကွန်ပျူတာ လုံခြုံရေးကုမ္ပဏီမှ သုတေသီ နီကိုလတ်စ်ဂိုဒီးယားက ပြောကြားခဲ့သည်။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) မှ မကြာမီထုတ်ပြန်ခဲ့ပြီး မိုက်ခရိုဆော့ဖ်က ပြင်ဆင်ပေးခဲ့သည့် ဟက်ကာဆော့ဝဲဖ်များအား ယခုတိုက်ခိုက် မှုသစ်တွင် အသုံးပြုခဲ့သည်ဟု ၎င်းက ဆိုခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော ကွန်ပျူတာတွင် ဖိုင်များအား Lock ချ၍ အွန်လိုင်းငွေကြေး တောင်းခံပြီး လုံးဝနီးပါး သုံးမရအောင် ပြုလုပ်ခြင်းအစား Adylkuzz ဖြင့် တိုက်ခိုက်မှုတွင် အွန်လိုင်း သုံးငွေကြေး Monero ၏ နောက်ကွယ်မှ လုပ်ငန်းစဉ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဗိုင်းရပ်စ်ဖန်တီးသူများထံ ငွေလွှဲပေးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံခဲ့ရကြောင်းပြသသည့် လက္ခဏာများတွင် မျှဝေသုံးစွဲခွင့်ပြုထားသော Windows ၏စနစ်များကို ၀င်ရောက်ခွင့်မရခြင်း၊ ကွန်ပျူတာနှင့်ဆာဗာ၏ လုပ် ဆောင်နိုင်စွမ်း ကျဆင်းခြင်းတို့ ပါဝင်ပြီး သုံးစွဲသူအချို့သည် ယင်းအနေအထားကို ချက်ချင်း သတိမထားမိလိုက်ကြောင်း Proofpoint က ဘလော့ဂ်တစ်ခုတွင် ရေးသားခဲ့သည်။ ခိုးကြောင်ခိုးဝှက်နိုင်ပြီး သုံးစွဲသူအား ပြဿနာ မဖြစ်စေခြင်းတို့ကြောင့် Adylkuzz ဖြင့် တိုက်ခိုက်မှုသည် ဆိုက်ဘာ ရာဇ၀တ်မှု ကျူးလွန်သူများအတွက် ပို၍အကျိုးအမြတ် ရရှိစေခဲ့ကြောင်း၊ ယင်းသည် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် ကွန်ပျူတာအသုံးပြုသူများက ၎င်းတို့အား တိုက်ခိုက်သူများအတွက် အမှတ်တမဲ့ဖြင့် ငွေကြေးထောက်ပံ့ပေးနေ သူများ ဖြစ်နေကြောင်း Proofpoint က ပြောကြားခဲ့သည်။

Adylkuzz ဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ကွန်ပျူတာများသည် ဗိုင်းရပ်စ်ဖန်တီးသူများထံသို့ အွန်လိုင်းသုံးငွေကြေး Monero အား ဒေါ်လာထောင်ဂဏန်းပမာဏ လွှဲပြောင်းပေးမိခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ယင်း ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Adylkuzz ဖြင့် တိုက်ခိုက်မှုသည် မေ ၂ ရက်ကတည်းက လွတ်မြောက်နေကြောင်း၊ ဧပြီ ၂၄ ရက်နောက်ပိုင်းက တည်းကပင် ဖြစ်ပွားနေသည်ဟု ယုံကြည်ရကြောင်း၊ သို့သော် ဗိုင်းရပ်စ်၏ ခိုးကြောင်ခိုးဝှက် သဘာဝကြောင့် ချက်ချင်းထောက်လှမ်း မသိရှိနိုင်ကြောင်း Proofpointက ထုတ်ပြန်ခဲ့သည်။

# Eleven