မန်ယူအသင်း၏ ရာသီအလိုက် အကောင်းဆုံး ကစားသမား ဆုပေးပွဲတွင် ဟာရဲရားနှင့် ဗလင်စီယာ တို့ အကောင်းဆုံး ဆုများ ရရှိ

မန်ယူအသင်း၏ ရာသီအလိုက် အကောင်းဆုံးဘောလုံးသမား ဆုပေးပွဲကို ကြာသပတေးနေ့ညက ကျင်းပ ပြုလုပ်ခဲ့ရာ ကွင်းလယ်ကစားသမား ဟာရဲရားက အသင်းမှ ရွေးချယ်သော အကောင်းဆုံး ကစားသမားဆုနှင့် တောင်ပံကစားသမား ဗလင်စီယာက အသင်းဖော်အချင်းချင်းရွေးချယ်သော အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရှိရသည်။

အသက်(၃၁)နှစ်အရွယ်ရှိ ဗလင်စီယာသည် နည်းပြမော်ရင်ဟိုလက်ထက်တွင် နောက်တန်းသို့ ဆင်းကစားခဲ့ရ သော်လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အသင်းဖော်အချင်းချင်း ရွေးချယ်သည့် ယခုဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဗလင်စီယာက “ဒါဟာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ခြင်းရဲ့ ရလဒ်ပါ။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ပံ့ပိုးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ နည်းပြရဲ့ ချီးကျူးမှုအတွက်လည်း ကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။

ဟာရဲရားသည် ဆာမတ်ဘတ်စ်ဘီဆုဟု အမည်ရသည့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၃ နှစ် ဆက်တိုက် ရရှိထားသည့် ဂိုးသမားဒီဂီယာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ကွင်းလယ်ကစားသမား မစ်ခီတာရီယန်ကလည်း ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် ကင်းမြီးကောက်ကန်ချက်ဖြင့် သွင်းယူခဲ့သည့်ဂိုးနှင့် အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။

Ref: Daily Mail