ချယ်လ်ဆီးကစားသမားအချို့ ပရီမီယာလိဂ် ချန်ပီယံ ဆုတံဆိပ် ရရှိမည် မဟုတ်

အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းအရ ယခုနှစ်ပရီမီယာလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းမှ ကစားသမားအားလုံး ပရီမီယာလိဂ် ဆုတံဆိပ် ရရှိနိုင်မည် မဟုတ် ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်သည့်အသင်းမှ ကစားသမားများအနက် အနည်းဆုံး ငါးပွဲ ပါဝင် ကစားခွင့်ရရှိ ခဲ့သည့် ကစားသမားများသာ ပရီမီယာလိဂ်ဆုတံဆိပ်ရရှိခွင့်ရှိသည်ဟု စည်းကမ်းချက် ချမှတ်ထားခြင်းဖြစ် သည်။ အဆိုပါ စည်းကမ်းချက်အရ ၂ဝ၁၆-၁၇ ခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ငါးပွဲ ပြည့်မီအောင် ကစားခဲ့ရခြင်းမရှိသည့် ခံစစ်မှူး နာသန်အကီ၊ ဂိုးသမား ဘီဂိုဗစ်၊ ညာတောင်ပံခံစစ်မှူး အိုလာအီနာ၊ တောင်ပံ ကစားသမား ကနေဒီတို့သည် ပရီမီယာလိဂ် ဆုတံဆိပ်များ ရရှိမည်မဟုတ်ပေ။

ပြီးခဲ့သည့် ဇန်နဝါရီဈေးကွက်ကာလအတွင်းတွင် ချယ်လ်ဆီးမှ ထွက်ခွာသွားခဲ့သည့် ကွင်းလယ် ကစားသမား အော်စကာနှင့် ခံစစ်မှူး အိုင်ဗန်နိုဗစ်တို့မှာမူ ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် ချယ်လ် ဆီးအတွက် ကိုးပွဲနှင့် ၁၃ ပွဲစီ ပါဝင်ကစားခဲ့သောကြောင့် စည်းမျဉ်းနှင့် ကိုက်ညီသည့်အတွက် ပရီမီယာလိဂ် ချန်ပီယံဆုတံဆိပ် ရရှိ မည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် မေလ ၂၁ ရက်တွင် အိမ်ကွင်း၌ ဆန်းဒါးလန်းနှင့် ကစားမည့်ပွဲအပြီးတွင် ပရီမီယာလိဂ် ချန်ပီယံဆုဖလား ချီးမြှင့်ခံရမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ကစားသမားများနှင့် အသင်းနည်းပြ အဖွဲ့ဝင်များကို ချီးမြှင့်ရန် ဆုတံဆိပ်အခု ၄ဝ ရရှိမည်ဖြစ်သည်။ ဂိုးသမား ဘီဂိုဗစ်သည် ပရီမီယာလိဂ်ပွဲ ကစားရမှု ငါးပွဲ မပြည့်သော်လည်း ပရီမီယာလိဂ်အဖွဲ့၏ စည်းကမ်းချက်တွင် ဂိုးသမားများကို ခြွင်းချက်အဖြစ် သတ်မှတ် ထားခြင်းကြောင့် ဆုတံဆိပ်ရရှိဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ချန်ပီယံအဖြစ် အောင်မြင်မှုရရှိသည့်အသင်းသည် ဘောလုံးရာသီတစ် ရာသီအတွင်း ကစားသမား ၃၉ နှင့် အထက် အသုံးပြုခဲ့ပါက ဆုတံဆိပ် ၄ဝ ကျော် ရရှိရန် အခွင့်အရေးရှိသည် ဟုဆိုသည်။ သို့သော်လည်း မန်နေဂျာ ကွန်တီသည် ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် ကစားသမား ၂၃ ဦးကိုသာ အသုံးပြုထားသည်။

-Ref ; Sky Sports