NCA ကို ရွေးချယ်သော်လည်း NCA လမ်းကြောင်းအတိုင်း သွားမည်ဆိုသည့် ကတိကဝတ်ကို လက်မှတ်မထိုးရန် KNPP ဆုံးဖြတ်

ငြိမ်းချမ်းရေးကော်မရှင်ဘက်က တောင်းဆိုသည့် NCA လမ်းကြောင်းအတိုင်း သွားမည်ဆိုသော ကတိကဝတ် (DoC) ကို လက်မှတ်မရေး ထိုးရန် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။

(၁၃)ကြိမ်မြောက် KNPP ညီလာခံအပြီး ပထမဆုံး ဗဟိုကော်မတီ အစည်းအဝေးကို မေလ ၁၇ ရက်က ၎င်းတို့ အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပရာ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ဖြစ်လာသူ ခူပလူးရယ်က ပြောကြားသည်။ ‘‘NCA လမ်းကြောင်းကိုတော့ ကျွန်တော်တို့ ရွေးတယ်။ UNFC တင်ပြထားတဲ့ အဆိုပြုချက် ကိုးချက်ပြေလည်ရင် NCA ထိုးဖို့ပေါ့။

PC (ငြိမ်းချမ်းရေးကော်မရှင်) ဘက်က တောင်းဆိုတာက UNFC ဆွေးနွေးနေတဲ့ ကိုးချက်က လောလောဆယ် မပြေလည်နိုင်သေးတော့ NCA လမ်းကြောင်းအတိုင်း သွားပါမယ်ဆိုတဲ့ ကတိကဝတ် Deed of Commitment (DoC) ကို လက်မှတ်ထိုးဖို့ တောင်းဆိုလာတယ်လို့ ပြောတယ်။ ကျွန်တော်တို့က အဲဒါကို မထိုးဘူးပေါ့။ အဲဒီလို မျိုးဆုံးဖြတ်ပါတယ်’’ ဟု KNPP ဗဟိုကော် မတီဝင် ခူပလူးရယ်က ဆိုသည်။

၂၁ ပင်လုံဒုတိယအစည်းအ ဝေးသို့ NCA မရေးထိုးရသေးသည့်အဖွဲ့များကို ပုံစံသုံးမျိုးဖြင့် အစိုးရက ပါဝင်ခွင့် ပေးထားသည်။ ယင်းအနက် NCA မရေး ထိုးနိုင်သေးသော်လည်း NCA အတိုင်း ဆောင်ရွက်မည်ဆိုသည့် DoC ရေးထိုး၍ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့်ကို ပုံစံတစ်မျိုးအနေဖြင့် ခွင့်ပြုထားသည်။

ထို့အပြင် လာမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ်သာ ဖိတ်ကြားပါက မတက်ရောက်ရန် KNPP ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။ KNPPအနေဖြင့် အစိုးရတောင်းဆိုသည့် ကတိကဝတ်ကို လက်မှတ်ရေးထိုး ပါက ညီလာခံကိုယ်စားလှယ်ဖြစ် ပါဝင်ခွင့်ရမည်ဖြစ်သည်။

# 7 Day