၂၁ ရာစုပင်လုံ ညီလာခံသို့ ခုနစ်ဖွဲ့ ပါင်း၍ တက်ရောက်ရန် အသင့်ရှိဟု မြောက်ပိုင်းအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိ ယအစည်းအဝေးသို့ ‘ဝ’ လက် နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီအနေဖြင့် တက်ရောက်ရန် အဆင်သင့်ရှိကြောင်း ယင်းကော်မတီက မေလ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

UWSA၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ (AA) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ သည် ၂၁ ရာ စုပင်လုံညီလာခံနှင့်ပတ်သက်၍ မေလ ၁၇ ရက်တွင် UWSA ဌာန ချုပ် ပန်ဆန်း (ပန်ခမ်း)မြို့၌ အ ည်းအဝေးကျင်းပပြီး ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ရန်လိုအပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး ကိစ္စတွင် အစိုးရ၊ တပ်မတော်အနေဖြင့် UWSA ဦးဆောင်ပြီး လက်နက်ကိုင်ခုနစ်ဖွဲ့ ပါဝင်သော ကော်မတီနှင့် လျင်မြန်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်ဟု UWSA ဦးဆောင်သည့် ကော်မတီ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်တွင် မကြာမီပြန်လည်ကျင်းပမည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုကြောင်း နှင့်  အားလုံးပါဝင်ရေးမူကို အလေးထားပြီး တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးကို မည်သည့်ကြို တင်ကန့်သတ်ချက်မျှမထားဘဲ တန်းတူရည်တူ ပါဝင်ခွင့်ရှိရန် တိုက်တွန်း သည်ဟု ဖော်ပြထားသည်။

UWSA ဦးဆောင်သည့်  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့သည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသော်လည်း အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

အစိုးရက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ပုံစံသုံးမျိုးဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်ခွင့်ပေးထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အထူးဖိတ်ကြားခံရသူ၊ NCA မထိုးသော်လည်း ကတိပြုချက် (DoC) ရေးထိုး၍  တက်ရောက်သည့် ကိုယ်စားလှယ်နှင့် NCA ရေးထိုးကာ အပြည့်အဝပါဝင်ခွင့်ရှိသည့် ပုံစံ စသည့်သုံးမျိုးဖြင့် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။

၂၀၁၆ စက်တင်ဘာလဆန်းက ကျင်းပသည့် ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးတွင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့အနက် UWSA, KIO, SSPP နှင့် မိုင်းလားအဖွဲ့တို့ တက် ရောက်ခဲ့သည်။

7 Day