“အပြုသဘောဆောင် အကောင်းမြင်ဝါဒနဲ့ နိုင်ငံတော်နဲ့ နိုင်ငံအကျိုးအတွက် ဦးတည်ဆောင်ရွက်မယ်”

 

ဒီနေရာမှာ တင်ပြလိုတာက ၂ဝ၁၆ ဒုတိယအကြိမ် ပါတီညီလာခံမှာ ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ် တင်မြှောက်ပြီးတော့မှ ခေါင်းဆောင်သစ် ဦးသန်းဌေးရဲ့ ဦးဆောင်မှုနဲ့ စိတ်သစ်လူသစ်၊ မူဝါဒအသစ်၊ အတွေး အခေါ်အသစ်၊ လုပ်နည်းလုပ်ဟန်အသစ်တွေနဲ့ ပါတီသည် ပြည်သူ့အတွက် ဖြစ်ရမယ်။ ပြည်သူ့ပါတီဖြစ်ရမယ်။ ယခင့်ယခင်ကဖြစ်ခဲ့တာတွေအပေါ်မှာ နမူနာယူပြီးတော့ ဒီကနေ့ ပြည်သူနဲ့တစ်သားတည်းဖြစ်ပြီးတော့ ပြည်သူ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်တဲ့ပါတီဖြစ်ရေးကို အစဉ်တစိုက် အလေးအနက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီအနေအထားမှာ ပြည်သူလူထုရဲ့ နှစ်သက်ထောက်ခံမှုတွေ၊ လုပ်နည်းလုပ်ဟန် ပြောင်းလဲပြီးတော့မှ ဆောင်ရွက်လာလို့ အောင်မြင်မှုတွေအပေါ်မှာ တချို့ အဖွဲ့အစည်း၊ တချို့လူတွေက ကျွန်တော်တို့ရဲ့ တိုးတက် အောင်မြင်နေတဲ့ ကျွန်တော်တို့ရဲ့အရှိန်ကို ရိုက်ချိုးချင်တဲ့အနေအထားမှာ ကျွန်တော်တို့ပါတီကို အမျိုးမျိုး စွပ်စွဲတယ်။ ယခင့်ယခင်က အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်ဖော်ပြီးတော့ ပါတီပုံရိပ်ကျအောင်၊ ပါတီကို ပြည်သူက အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လာတာတွေ တွေ့နေရပါတယ်။

ကျွန်တော်တို့မူဝါဒသည် အပြုသဘောဆောင် အကောင်းမြင်ဝါဒနဲ့ နိုင်ငံတော်နဲ့ နိုင်ငံအကျိုးအတွက် ဦးတည် ဆောင်ရွက်မယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ပြဿနာဖန်တီးမှုတွေ၊ ဆူပူမတည်ငြိမ်မှုတွေကို ကျွန်တော်တို့ မလိုလားဘူး။ ဒီဟာတွေကို လုံးဝလုံးဝ ဆန့်ကျင်ဖယ်ရှားတယ်။ ဒီဟာနဲ့ ကျွန်တော်တို့သွားနေတာဖြစ်ပါတယ်။
သို့ရာတွင် ခုနက သတင်းထောက်ကြီးများ မေးခဲ့တဲ့ မေးခွန်းထဲမှာလည်းပါပါတယ်။ ကျွန်တော်တို့ပါတီကို ထစ်ခနဲရှိရင် ဒီဆူပူမှု၊ မတည်ငြိမ်မှုကို ပြည်ခိုင်ဖြိုးပါတီကပဲ လုပ်သယောင်ယောင်၊ ပြဿနာတစ်ရပ်ဖြစ်ရင် ဘယ်ကိစ္စဖြစ်ဖြစ် ကျွန်တော်တို့ပါတီကပဲ ဖြစ်မလားမသိဘူး။ တပ်မတော်အဖွဲ့အစည်းတစ်ခုခုကပဲ ဖြစ်မလား မသိဘူး။ ဤကဲ့သို့ သံသယနဲ့စွပ်စွဲပြောဆို တာလေးတွေရှိလာပါတယ်။ တကယ်တော့ ဒါတွေဟာ ပြည်ခိုင်ဖြိုး ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။

မေ ၁၂ ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဖြေကြားချက်များမှ