အငြိမ်းစား ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်း ဖော်မည်

အငြိမ်းစားယူမည့် ဝန်ထမ်းများ အိုးပိုင်အိမ်ပိုင် နေထိုင်နိုင်စေရေးအတွက် အငြိမ်းစားအိမ်ရာစခန်း စီမံကိန်း တစ်ခု အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယင်းသို့ အကောင်အထည်ဖော်သွားမည်ဖြစ်ရာ အစိုးရအနေနှင့် နိုင်ငံ့ဝန်ထမ်း များကို ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များအနက်မှ တစ်ခုအနေနှင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

“စီမံကိန်းအတွက် မြေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာပေးရမယ်။ လိုအပ်တဲ့ ငွေကြေးကိုလည်း ဘဏ်လုပ်ငန်းရှင်တွေက ဆောင်ရွက်ပေးပါ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေရဲ့ အကူအညီလည်းယူပါလို့ မူအားဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်းဖော်ဆောင်ရာတွင် ဝန်ထမ်းများ တစ်ဦးချင်းရရှိသည့်လစာဖြင့် ဝယ်ယူနိုင်သည့် အနေအထားဖြစ် အောင် ဆောင်ရွက်ပေးမည်ဖြစ်ကာ၊ အငြိမ်းစားယူရတော့မည့် ဝန်ထမ်းများအတွက် အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဝယ်ယူထားစဉ် ကာလအတွင်း အငြိမ်းစားယူသွားသည့် ဝန်ထမ်းများအနေနှင့် ၎င်းတို့၏ သားသမီးများက ကျန်ရှိသည့်ငွေကြေးကို ဆက်လက် ပေးဆောင်ခွင့်ရအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ ထပ်မံ သိရသည်။

၄၀ဝ စတုရန်းပေအကျယ်ရှိမည့် တစ်ခန်းလျှင် ကျပ်သိန်း ၉၀၊  ၅၀ဝ စတုရန်းပေ အကျယ် တစ်ခန်းလျှင် ကျပ် ၁၁၅ သိန်း၊ ၆၀ဝ စတုရန်းပေ အကျယ် တစ်ခန်းလျှင် ကျပ်သိန်း ၁၄၀၊ ၇၅၀ စတုရန်းပေ အကျယ်တစ်ခန်းလျှင် ကျပ်သိန်း ၁၇၀ နှင့် ၉၀ဝ စတုရန်းပေ အကျယ် တစ်ခန်းလျှင် ကျပ်သိန်း ၂၀ဝ စသည့်ဈေးများဖြင့် ရောင်းချ ပေးနိုင်ရန် လျာထားပြီး ငွေပေးချေမှုကိုလည်း ငါးနှစ်၊ ရှစ်နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်နှင့် ၁၅ နှစ်စသည်ဖြင့် အရစ်ကျ ငွေပေးချေ ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်ရှိတွင် အစိုးရဌာန ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် စည်ပင် သာယာရေးကော်မတီမှ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းပေါင်း ၁၃၄၇ ခန်းကို ၂၀၁၅ ခုနှစ်အတွင်းက ဆောက် လုပ်ရောင်းချပေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း တန်ဖိုးမျှတ တိုက်ခန်းပေါင်း ၅၆၀ ကို အိုးအိမ် ဦးစီးဌာနက ရောင်းချပေးခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အိုးအိမ်ဦးစီးဌာနကအိမ်ရာများ ဆောက်လုပ် ရောင်းချပေး နေသော်လည်း အိမ်ရာဝယ်ယူခွင့်ရရှိသူများက သတ်မှတ်စည်းကမ်းများ လိုက်နာခြင်းမရှိဘဲ ယင်းတိုက်ခန်း များကို လက်လွှဲ ရောင်းချခြင်းများရှိနေရာ အမှန်တကယ် လိုအပ်နေပြီး ဝယ်ယူခွင့် မရရှိခဲ့သူများအနေနှင့် လက်လွှဲရောင်းချသည့် ဈေးနှုန်းများကြောင့် ဝယ်ယူနိုင်ခြင်း မရှိဖြစ်နေကြောင်း မန္တလေးမြို့နယ် ဝန်ထမ်းများ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

မန္တလေးတိုင်း အစိုးရ အနေနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဝန်ထမ်း အားလုံးအနက် ခုနစ် ရာခိုင်နှုန်းကို အိုးပိုင် အိမ်ပိုင်ရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားသည်။  # The Voice