အစိုးရနှင့် သဘောတူညီချက် ရရှိအပြီးတွင် အိုင်ဗရီကို့စ်ရှိ လေးရက်တာ တပ်တွင်းပုန်ကန်မှု အဆုံးသတ်

အိုင်ဗရီကို့စ်အစိုးရဘက်မှ လစာပေးချေရန်သဘောတူညီခဲ့ပြီး အငြင်းအခုံဖြစ်မှုကို အဆုံးသတ်ခဲ့သောကြောင့် နိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားခဲ့သော လေးရက်တာ တပ်တွင်းပုန်ကန်မှုကို ပုန်ကန်သော စစ်သားများက အင်္ဂါနေ့တွင် ရပ်တန့်ခဲ့ကြသည်။

“အခြေအနေတွေဟာ ပြည်လည်တည်ငြိမ်လာပါပြီ။ စစ်တပ်တွေရှိတဲ့ ဒေသအားလုံးက အခြေအနေတွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပါပြီ” ဟု ကာကွယ်ရေးဝန်ကြီး အလိန်းရစ်ချက်ဒွန်ဝါဟီက ပြောခဲ့သည်။

သဘောတူညီချက် ရရှိပြီဆိုသော သတင်းကို မကျေမချမ်းဖြစ်သော တပ်သားများဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုခဲ့တာဖြစ်ပြီး သူတို့ဘက်မှ တောင်းဆိုသော ငွေကြေးပမာဏကို ပေးချေရန်လိုက်လျောခဲ့ ကြောင်းနှင့် ဇန်န၀ါရီလကတည်းက စတင်ခဲ့သော အငြင်းအခုံဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ သည်။

“ကျနော်တို့ အခြေခံသဘောတူညီချက်တွေ ရရှိပြီးပြီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ စစ်တန်းလျားကို ပြန်ပါ တော့မယ်” ဟု တပ်ကြပ်ကြီး ဆစ်စီဖော့စီနီက ပြောခဲ့သည်။

ကာကွယ်ရေးဝန်ကြီးကလည်း ဘဏ်များကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပြည်သူ့လုပ်သားများသည် ၄င်းတို့၏ အလုပ်ခွင်အသီးသီးသို့ ပြန်သွားကာ နေ့တဓူဝအလုပ်များကို ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့ သည်။

တပ်တွင်းပုန်ကန်မှုသည် ကမ္ဘာ့ထိပ်သီး ကိုကိုးတင်ပို့သည့် အိုင်ဗရီကို့စ်နိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားခဲ့ပြီး ပုန်ကန်သူ စစ်သားများသည် နိုင်ငံ၏အကြီးဆုံး မြို့၂မြို့ဖြစ်သော အာဘစ်ဂျန်နှင့် ဘူအာခေးမြို့တွင်း၌ ဒေါသတကြီး လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ရသည်။

ဒါ့အပြင် မြောက်ပိုင်းမြို့ ကော်ဟိုဂိုတွင်လည်း သေနတ်ပစ်ဖောက်မှုများကြောင့် လူတစ်ဦး ဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည်။

သို့သော်လည်း သဘောတူညီချက် ရရှိပြီဆိုသော သတင်းများပေါ်ပေါက်လာအပြီးတွင် တင်းမာမှုများ ပြေလျော့ သွားခဲ့သည်။

Ref; AFP