ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဇာဘလက်တာ အတည်ပြု

မန်စီးတီး နောက်ခံကစားသမား  ဇာဘလက်တာသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် မန်စီးတီးနှင့် လမ်းခွဲတော့မည်ဖြစ်ကာ လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၎င်းအနေနှင့် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း ဇာဘလက်တာကိုယ်တိုင်က အတည်ပြုသွားခဲ့ပြီ ဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။

မန်စီးတီးအသင်းသည် ဇာဘလက်တာကို စာချုပ်သစ် ချုပ်ဆိုတော့မည် မဟုတ်ကြောင်းအား မန်စီးတီးက လက်စတာကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး လာမည့်အင်္ဂါနေ့တွင် မန်စီးတီးအသင်းပိုင် အီတီဟတ်ဒ်ဘောလုံးကွင်း၌ ဝက်စ်ဘရွန်းကို ဧည့်ခံကစားရ မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပရိသတ်များကို နှုတ်ဆက်ရန် ဇာဘလက်တာက ရည်မှန်းထားသည်။

ဇာဘလက်တာသည် ၂၀၀၈ ခုနှစ်တွင် စပိန်ကလပ် အက်စ်ပန်ညိုမှနေ၍ မာလာဂါထံသို့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့ပြီး မန်စီးတီးကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၂၃၂ ပွဲကို အသင်း အတွက် ၎င်းက ပါဝင်ကစားပေးခွင့် ရခဲ့ပြီးလည်း ဖြစ်သည်။

ဝက်စ်ဟမ်းသည် ဇာဘလက်တာကို ၂ နှစ်သက်တမ်း စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး နှစ်ဦး နှစ်ဖက် အကြားတွင် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင်တစ်သိန်းပမာဏဖြင့် သဘောတူညီမှု ရရှိ ခဲ့ခြင်းဖြစ်ကြောင်း ဇာဘလက်တာ၏ အကျိုးဆောင်များက အသိပေးထားသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ကာဘယ်လ်လီရို၊ ကလစ်ချီ၊ ဆက်ဂ်နာ၊ နားဗတ်စ်နှင့် ယာယာတိုရေးတို့၏ အနာဂတ်များကိုလည်း များမကြာမီအချိန်အတွင်း ဆုံးဖြတ်ချက် ချမှတ်ပေးသွားတော့မည် ဖြစ်ကာ အချို့ကစား သမားများကို ၎င်းအနေနှင့် စာချုပ်သစ် မချုပ်ရန် ဆုံးဖြတ်လိုက်ရသည်မှာ အသက်အရွယ်၊ ကြံ့ခိုင်မှုနှင့် ကစားအား အခြေအနေများကြောင့် ဖြစ်သည်ဟု ဂွါဒီယိုလာက ရှင်းပြထားသည်။

# The Voice