၁၃ ပါတီမှ တိုင်ကြားထားမှုအပေါ် စိစစ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် NLD ခေါင်းဆောင်များအား ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် ၁၃ ပါတီက လက်မှတ်ရေးထိုး တိုင်ကြားထားခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က လေ့လာစိစစ်မှု များပြုလုပ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မေ ၁၅ ရက် နံနက်ပိုင်းက တိုင်ကြားမှုနှင့် ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းမှုကို ကော်မရှင်အတွင်းရေးမှူးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

အဆိုပါလေ့လာစိစစ်မှု မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ စိစစ်မှုများပြုလုပ်ပြီးပါက တိုင်ကြားခံရသူများကို ခေါ်ယူစစ်ဆေးရန် အစီအစဉ် ရှိမရှိနှင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို မီဒီယာ များက မေးမြန်းသည့် အပေါ်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတင်ထွန်းက ပြန်လည်ဖြေကြားသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပါ ဥပဒေတို့ကို ဖောက်ဖျက်ရာ ရောက်သည့်အတွက် အရေးယူပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေ ၈ ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီ ၁၃ ပါတီက ကန့်ကွက် တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အဖြစ် ရုပ်သံနှင့် ရေဒီယိုများတွင် မိန့်ခွန်းပြောကြားခြင်း၊ ယင်းမိန့်ခွန်း အပြည့် အစုံကို နိုင်ငံပိုင်သတင်းစာများတွင် ပုံနှိပ်ဖော်ပြခြင်းများသည် ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး ရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော် ဟောပြောချက် မိန့်ခွန်းသာ ဖြစ်နေသည်ဟု အထင်အရှား တွေ့ရကြောင်း အဆိုပါ တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် တို့က မတ် ၃၁ ရက် ညပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားမှ သဘောထားအမြင် တင်ပြချက် ဟုဆိုကာ ပါတီအလံ၊ ရင်ထိုးတံဆိပ်များ တပ်ဆင်ကာ ပါတီ၏မူဝါဒများ၊ အခက်အခဲ ဖြတ်သန်းမှုများကိုချပြပြီး နိုင်ငံပိုင် ရုပ်မြင် သံကြားမှတစ်ဆင့် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်သကဲ့သို့ ပြောကြားချက်များကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ဧပြီလရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းများသည် သွယ်ဝိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ကြောင်း၊ ပြိုင်ဘက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများထက် အခွင့်အရေး အသာစီးရယူပြီး မမျှမတ ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဥပဒေကို လက်တစ်လုံးခြား လှည့်ဖြား ကျူးလွန်ရာ ရောက်ကြောင်း တိုင်ကြားစာတွင် ထည့်သွင်းထားသည်။

#Eleven