အတ္တလန်တာအသင်း ၂၆ နှစ်ကြာပြီးနောက် ဥရောပ၌ ယှဉ်ပြိုင်ခွင့်ရ
ယမန်နေ့က ကစားခဲ့ သော စီးရီးအေပွဲစဉ်များတွင် အတ္တလန်တာက ဒေသတွင်းပြိုင်ဘက် အေစီမီလန်ကို နောက်ကျ ချေပဂိုးခွင့်ပြုခဲ့ရပြီး တစ်ဂိုးစီ သရေကျခဲ့သော်လည်း ၂၆ နှစ်ကြာပြီးနောက် ဥရောပတွင် ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သဖြင့် အောင်ပွဲခံရမည့်အချိန် ဖြစ်ခဲ့သည်။
အတ္တလန်တာသည် အမှတ် ပေးဇယားနံပါတ် (၅) နေရာ၌ ရှိနေပြီး နှစ်ပွဲကစားရန် ကျန်ရှိချိန်တွင် အေစီမီလန်ထက် ခြောက်မှတ်ပိုများနေသည်။
နံပါတ် (၄) မှ နံပါတ် (၆) အထိ အသင်းများ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အတ္တလန်တာသည် ၁၉၉၁ ကတည်းက ယင်းပြိုင်ပွဲတွင် မပါဝင်ခဲ့ပေ။
‘‘နည်းနည်းတော့ ခါးသီးပါတယ်။ ကျွန်တော်တို့ အမှားတစ်ခုလုပ်မိတာ မီလန်က ဂိုးသွင်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ရောက်ရှိသွားခဲ့ပါတယ်’’ ဟု အတ္တလန်တာတိုက်စစ်မှူး အလီဂျန်ဒရိုဂိုမက်စ်က ပြောကြားသည်။
အတ္တလန်တာသမိုင်းတွင် ပထမဆုံးအကြိမ် မီလန်နှစ်သင်းဖြစ်သော အေစီမီလန်နှင့် အင်တာမီလန်တို့ထက် သာလွန်သော နေရာ၌ ရာသီပိတ်သိမ်းရန် အလားအလာ ကောင်းနေသည်။
စောစောပိုင်းတွင် ဖီအိုရင်တီးနားက လာဇီယိုကို ၃-၂ ဂိုး ဖြင့် အနိုင်ယူပြီး ဥရောပမျှော်လင့်ချက်များ ဆက်လက် ရှင်သန်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် စီးရီးဘီမှ Spal အသင်းသည် (၄၉)နှစ် ကြာမြင့်ပြီးနောက် စီးရီးအေသို့ ပြန်လည် တန်းတက်ခွင့် ရရှိခဲ့သည်။ ဗီရိုနာသည် ကာပီနှင့် တစ်ဂိုးစီ သရေကျခဲ့သဖြင့် စောစောစီးစီး တန်းတက်ခွင့် လက်လွတ်ရပြီး စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
စီးရီးအေထိပ်ဆုံးတွင် ဂျူဗင်တပ်က ၈၅ မှတ်ဖြင့်ရှိနေပြီး ရိုးမားက ၇၈ မှတ်၊ နာပိုလီက ၇၇ မှတ်ဖြင့် နောက်က လိုက်နေသည်။ လာဇီယိုက ၇၀ မှတ်ဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။ စီးရီးအေ လက်ကျန်သုံးပွဲသာ ကစားရ တော့မည်ဖြစ်သည်။
-Ref:AP