ယူရိုပါလိဂ်ဖလား ရယူပြီး ပြီးပြည့်စုံသည့် ရာသီ အဆုံးသတ်ဖြစ်လိုသည်ဟု မော်ရင်ဟိုပြော

ဆယ်လ်တာဗီဂိုအသင်းနှင့် တစ်ဂိုးစီသရေကျပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီးနောက် မန်ယူ နည်းပြ မော်ရင်ဟိုက ယူရိုပါလိဂ်ဖလားကိုရယူပြီး ပြီးပြည့်စုံသည့် ရာသီအဆုံးသတ် ဖြစ်လိုသည်ဟု ပြောဆို လိုက်သည်။

အိုးထရက်ဖို့ဒ်ကွင်းတွင် ဆယ်လ်တာဗီဂိုနှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် မန်ယူ အသင်းသည် ဖယ်လိုင်နီ၏ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ရွန်ကာဂလီယာ ၏ချေပဂိုးကို ခွင့်ပြုခဲ့ရကာ ပွဲပြီးကာနီး၌ ရုန်းကန်ခဲ့ရသေးသည်။ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင် ခဲ့သော်လည်း အဓိကနောက်ခံလူ ဘိုင်လီ အနီကတ်ပြသခံခဲ့ရသဖြင့် များစွာနစ်နာခဲ့ရသည်။

မန်ယူအသင်းသည် လိုင်ယွန်ကို ကျော်ဖြတ်လာသည့် အေဂျက်ဇ်အသင်းနှင့် လာမည့် မေလ ၂၅ ရက်နေ့တွင် စတော့ဟုမ်းမြို့၌ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကစားရမည် ဖြစ်သည်။ အနိုင်ရသည့်အသင်းမှာ ချန်ပီယံလိဂ်သို့ တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်။

‘ဒီရာသီက အလွန်ခက်ခဲတဲ့ရာသီပါ။ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် အလွန်ကိုအံ့အားသင့်ဖွယ် ဖြစ်လာပါလိမ့်မယ်။ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ရန် ချန်ပီယံလိဂ်ကို ပြန်လည်ဝင်ခွင့်ရပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အေဂျက်ဇ်အသင်းက လာမယ့် တနင်္ဂနွေဆိုရင် လိဂ်ပြိုင်ပွဲ ပြီးပါပြီ။ သူတို့အနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ပြင်ဆင်ချိန် ၁၂ ရက်လောက်ရပါတယ်။

ကျွန်တော်တို့ကတော့ စပါး၊ ဆောက်သမ်တန်၊ ပဲလေ့စ်တို့နဲ့ ကစားဖို့ ကျန်ပါသေးတယ်။ သုံးရက်ခြား တစ်ပွဲ လောက် ကစားရပါမယ်။ ပဲလေ့စ်နဲ့ပွဲမှာတော့ အပြောင်းအလဲတွေအများကြီး ပြုလုပ်သွားမှာပါ။ ပဲလေ့စ် အနေနဲ့ လည်း အဲ့ဒီအချိန်ရောက်ရင် ဘာအတွက်ကြောင့်မှ မကစားတော့ဘူးလို့ မျှော်လင့်ပါတယ်’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

(ဘီဘီစီ)