တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်း ကျမ်းကျိန်၊ မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဦးစားပေးမည်ဟုဆို

တောင်ကိုရီးယား သမ္မတသစ်အဖြစ် မွန်ဂျေအင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး စီးပွားရေး၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့ကို အဓိကထား ကိုယ်တွယ်သွားမည်ဟု ပထမဆုံး သမ္မတမိန့်ခွန်းတွင် ထည့်ပြောသွားခဲ့ ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အခြေအနေပေးပါက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ပင် သွားရောက်လည်ပတ်မည်ဟု သမ္မတသစ်က ပြောကြားခဲ့သည်။ မွန်မှာ ရွေးကောက်ပွဲနိုင်ပြီးနောက် တစ်ရက်အကြာ မေလ ၁၀ ရက်နေ့တွင် ချက်ချင်း ကျမ်းကျိန်ခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ရှေ့နေဟောင်းလည်းဖြစ်ပြီး မြောက်ကိုရီးယား ဒုက္ခသည်တစ်ဦး၏ သားလည်းဖြစ်သူ မွန်ဂျေအင်း သည် ပျော့ပျောင်းသော လစ်ဘရယ် အမြင်များကြောင့် ထင်ရှားသူ ဖြစ်သည်။

မြောက်ကိုရီးယားနှင့် အမေရိကန် ထိပ်တိုက်တိုးမှုကြောင့် ကိုရီးယားကျွန်းဆွယ်တွင် အခြေအနေ တင်းမာ လျက်ရှိသည်။

ယခင်သမ္မတ ပတ်ဂွမ်ဟီးကို ပြုတ်ကျစေခဲ့သော ခြစားမှုအရှုပ်တော်ပုံကြောင့် အမြင်သဘောထား ကွဲလွဲနေကြ သည့် တိုင်းပြည်ကို ညီညွတ်အောင် လုပ်ဆောင်သွားမည်ဟု မွန်က ကတိပြုခဲ့သည်။

ဒေသခံအချို့နှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့က ကန့်ကွက်ထားသော အမေရိကန်၏ THAAD ဒုံးကျည် ကာကွယ်ရေးစနစ် တောင်ကိုရီးယားတွင် တပ်ဆင်မှုနှင့် ပတ်သက်၍လည်း အမေရိကန်၊ တရုတ်တို့နှင့် အကျေ အလည် ညှိနှိုင်းသွားမည်ဟု ပြောကြားခဲ့သည်။

ပထမဆုံး ရာထူးခန့်အပ်မှုများအဖြစ် လက်ရှိ တောင်ဂျီယိုလာပြည်နယ် အုပ်ချုပ်ရေးမှူး လီနက်ယွန်က ဝန်ကြီးချုပ်ရာထူး ခန့်ထားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်များက ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ် ပြင်ဆင်မှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဆူဟွန်းကို အမျိုးသားထောက်လှမ်းရေးလုပ်ငန်း အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

မြောက်ကိုရီးယားဘက်က မွန်၏ အောင်ပွဲနှင့်ပတ်သက်ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသေးသော်လည်း နိုင်ငံပိုင် သတင်းဌာနများ၏ အစောပိုင်းရေးသားဖော်ပြမှုများတွင် မွန်ကို လိုလားကြောင်း၊ နေခြည်ဖြာ မူဝါဒကဲ့သို့သော ငြိမ်းချမ်းရေးလမ်းစဉ်များ ဖော်ဆောင်မည့် ခေါင်းဆောင်ကို မျှော်လင့်ကြောင်း ဖော်ပြထားခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတသစ်သည် စီးပွားရေး အရှိန်အဟုန် ကောင်းရန် နှင့်  အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းပေးရန် ကြိုးပမ်းမည်ဟု ကတိပြုခဲ့သည်။  # The Voice