Facebook ပေါ်က သတင်းအတုတွေကို စိစစ်ခွဲခြားနိုင်မယ့် အချက် (၁၀) ချက်

အင်တာနက် စာမျက်နှာတွေပေါ်က သတင်းအတုအယောင်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာ ဘယ်လောက်တောင် များနေပါပြီလဲ။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အင်တာနက်ပေါ်က စာဖတ်သူတွေဆီကို ရောက်ရှိအောင် လုပ်ဆောင်နေတဲ့ အတုအယောင်သတင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မကြာခဏဆိုသလို တွေ့မြင်လာနေရပါတယ်။ မှန်ကန်တဲ့သတင်းတွေ အလား ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းအတုတွေကို ဘယ်လိုခွဲခြား စိစစ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး Facebook က အကြံပြုထားတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)    သတင်းခေါင်းစဉ်တွေကို လွယ်လင့်တကူ မယုံပါနဲ့။

သတင်းအတုတွေဟာ လူတွေရဲ့စိတ်ဝင်စားမှုမြင့်တက်စေမယ့် သတင်းခေါင်းစဉ်တွေကို အသုံးပြုလေ့ရှိ ပါတယ်။ သတင်းခေါင်းစဉ်တွေမှာ လူတွေကို အံ့သြတုန်လှုပ်စေမယ့် ပြောဆိုချက်တွေ ပါဝင်နေပြီဆိုရင် ဒါဟာ သတင်းအတုတွေဖြစ်ဖို့ သေချာသလောက်ပါပဲ။

(၂)    URL ကို သေချာကြည့်ပါ။

အချို့သတင်းအတုဝက်ဘ်ဆိုက်တွေဟာ URL ကို အပြောင်းအလဲအနည်းငယ်လုပ်ပြီး စစ်မှန်တဲ့ သတင်း ရင်းမြစ်များအသွင် ဖန်တီးကြလေ့ရှိပါတယ်။ ရင်းမြစ်တွေကို အတည်ပြုဖို့အတွက် စစ်မှန်တဲ့ သတင်း ရင်းမြစ်ရဲ့ ဝက်ဘ်ဆိုက်ကိုသွားပြီး URL ကို နှိုင်းယှဉ်နိုင်ပါတယ်။

(၃)    သတင်းရင်းမြစ်ကို စုံစမ်းစစ်ဆေးပါ။

သတင်းတိကျမှုအတွက် အဲ့ဒီသတင်းကို နာမည်ကောင်းရထားပြီး ယုံကြည်ရတဲ့ ရင်းမြစ်က ရေးသားထား တာ ဟုတ်၊ မဟုတ် သေချာအောင် စစ်ဆေးပါ။ တကယ်လို့ သတင်းက ကိုယ်မသိကျွမ်းတဲ့ အဖွဲ့အစည်း တစ်ခုကနေ ထွက်ပေါ်လာတယ်ဆိုရင် သူတို့ရဲ့ “About” section ကို စစ်ဆေးလေ့လာပါ။

(၄)    တစ်မူထူးခြားတဲ့ တင်ဆက်ပုံတွေကို သတိထားပါ။

သတင်းအတုဆိုက်အများအပြားမှာ စာလုံးပေါင်းသတ်ပုံအမှားတွေနဲ့ ကိုးရိုးကားရားနိုင်တဲ့ စာမျက်နှာ ဖွဲ့စည်းမှုတွေ ပါဝင်ပါတယ်။ ဒီလိုလက္ခဏာတွေကို တွေ့မြင်နေရပြီဆိုရင် သတင်းကို ဂရုတစိုက်ဖတ်ဖို့ လိုအပ်လာပါပြီ။

 

(၅)   ဓာတ်ပုံတွေကို သေချာစစ်ဆေးကြည့်ရှုပါ။

သတင်းအတုတွေမှာ ကျွမ်းကျင်စွာ ဖန်တီးပြုလုပ်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပါဝင်လေ့ရှိပါတယ်။ တစ်ခါ တလေမှာ ဓာတ်ပုံတွေက အစစ်အမှန်လို့ထင်နေရပေမယ့် တကယ့်မူရင်း အကြောင်းအရင်း အရာနဲ့ လုံးဝကွဲပြားပါတယ်။ သံသယရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အတည်ပြုဖို့အတွက် အဲ့ဒီ အကြောင်းအရာတွေရဲ့ မူလရင်းမြစ်ကို ရှာဖွေနိုင်ပါတယ်။

(၆)   ရက်စွဲတွေကို စစ်ဆေးပါ။

သတင်းအတုတွေမှာ ပြောင်းလဲထားတဲ့ ရက်စွဲတွေနဲ့ ရှင်းရှင်းလင်းလင်းမရှိတဲ့ အချိန်ကာလတွေ ပါဝင် လေ့ရှိပါတယ်။

(၇)   အချက်အလက်တွေကို စစ်ဆေးပါ။

သတင်းတွေက တိကျမှုရှိ၊ မရှိ အတည်ပြုဖို့အတွက် ရေးသားသူရဲ့ ရင်းမြစ်တွေကို စစ်ဆေးပါ။ အမည် မဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ပြောစကားတွေကို အသုံးပြုထားပြီး အချက်အလက်တွေ မပါဝင်တဲ့ ရေးသားဖော်ပြချက်တွေဆိုရင် သတင်းအတုတစ်ပုဒ်ဖြစ်ဖို့အလားအလာ များပါတယ်။

(၈)   အခြားသတင်းဌာနကြီးများရဲ့ သတင်းဖော်ပြချက်တွေကို လေ့လာပါ။

တကယ်လို့ အလားတူသတင်းမျိုးကို အခြားသတင်းရင်းမြစ်က မဖော်ပြထားဘူးဆိုရင် ဒါဟာ သတင်း အတုဖြစ်နိုင်ပါတယ်။ ကိုယ်ယုံကြည်ရတဲ့ သတင်းရင်းမြစ်အများအပြားက ဖော်ပြထား တယ်ဆိုရင်တော့ အဲ့ဒီ သတင်းက မှန်ကန်တဲ့သတင်းတစ်ပုဒ်ပါပဲ။

(၉)   ကိုယ်ဖတ်ရှုတဲ့သတင်းက ဟာသသတင်းတစ်ပုဒ်လား။

တစ်ခါတစ်ရံမှာ သတင်းအတုတွေက ရယ်စရာကောင်းတဲ့ အကြောင်းအရာလား၊ သရော်ထားတဲ့ အကြောင်းအရာလားဆိုတာကို ခွဲခြားနိုင်ဖို့ခက်ခဲပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ သတင်း ရင်းမြစ် တွေကို မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

(၁၀) အချို့သတင်းအမှားတွေက တမင်သက်သက် ဖန်တီးထားတာတွေပါ။

ကိုယ်ဖတ်တဲ့ သတင်းတွေကို သေချာစဉ်းစားပြီး ယုံကြည်စိတ်ချရတဲ့ သတင်းတွေကိုပဲ ဝေမျှပါ။

 

# Internet Jiournal