မြန်မာ့စစ်အင်အားဟာ ကမ္ဘာမှာ အဆင့် ၃၂ ရှိဟုဆို

ရေတပ်အင်အားမှာ အဆင့် ၁၅ စာရင်းဝင်ခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ  အင်ဒိုနီးရှား တစ်နိုင်ငံတည်းကသာ အဆင့် ၁၀နဲ့ မြန်မာအထက်မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။  ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ အဆင့် ၃၂ ကို ရောက်ရှိလာတယ်လို့ ကမ္ဘာ့စစ်လက်နက်အစီရင်ခံစာတစ်စောင်ဖြစ်တဲ့ Global Fire Power က ထုတ်ပြန်လိုက်တယ်လို့ The Voice ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အစီရင်ခံစာကို ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး Global Fire Power ဟာ ကမ္ဘာ့နိုင်ငံတွေ ထဲက တပ်မတော်တွေရဲ့ လက်နက်အင်အားတွေကို တွက်ချကကာ နှစ်စဉ် ထုတ်ပြန်လျက်ရှိတာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် မြန်မာဟာ အဆင့် ၄၄၊ ၂၀၁၆ ခုနှစ်မှာ အဆင့် ၃၃ ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ်မှာတော့  မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှာ အဆင့် ၃၂ ရရှိခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံ တွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၁၃၊ ဗီယက်နမ်က အဆင့် ၁၆၊ ထိုင်းနိုင်ငံ အဆင့် ၂၁ နဲ့ မြန်မာ နိုင်ငံရဲ့ အထက်မှာရှိနေတာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေထဲမှာတော့  တရုတ်က အဆင့် ၃၊ အိန္ဒိယက အဆင့် ၄ နဲ့ ထိပ်ဆုံးနေရာတွေမှာ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ရေတပ်အင်အားမှာ အဆင့် ၁၅ စာရင်းဝင်ခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ  အင်ဒိုနီးရှား တစ်နိုင်ငံတည်းကသာ အဆင့် ၁၀ နဲ့ မြန်မာအထက်မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ရေပြင်ပိုင်နက်နဲ့ ပတ်သက်ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဆင့် ၂၅ နဲ့ မြန်မာအောက်ကို ရောက်လျက်ရှိတာ ဖြစ်ပါတယ်။

Global Fire Power က ဖော်ပြချက်အရ  မြန်မာ့တပ်မတော် ကြည်းတပ်မှာ တင့်ကား ၅၉၂ စီး၊ Self-Propelled Guns (SPGs) ၁၀၈ စီး၊ Towed-Artillery ၈၈၄ စီး၊ Multiple-Launch Rocket Systems (MLRSs) ၁၀၈ စီး၊ လေတပ်မှာ လေယာဉ် ၂၄၉ စင်း၊ ကြားဖြတ်တိုက်ခိုက်ရေးယာဉ် ၅၆ စင်း၊ Fixed-Wing Attack Aircraft (တောင်ပံတွင် လက်နက်တပ်ဆင်ထားသော လေယာဉ်) ၇၇ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၉၇ စင်း၊ အမောင်းသင်လေယာဉ် ၅၈ စင်း၊ ရဟတ်ယာဉ် ၈၆ စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကိုးစင်း၊ ရေတပ်မှာ ဖရီးဂိတ်ငါးစင်း၊ ကော်ဗက်စစ်ရေယာဉ် သုံးစင်းတို့ ဖြစ်ပါတယ်။

Source: The Voice