ပြင်သစ်ရွေးကောက်ပွဲတွင် အလယ်အလတ် လမ်းစဉ်ဝါဒီ တစ်ဦးဖြစ်သူ မက်ခရွန် အောင်ပွဲခံ

အလယ်အလတ် လမ်းစဉ်ဝါဒီတစ်ဦးအဖြစ် လူသိများသော အီမန်နျူရယ်လ်မက်ခရွန်သည် ပြင်သစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတသစ် ဖြစ်လာတော့မည်ဟု သိရသည်။

အသက် ၃၉ နှစ်သာရှိသေးသည့် မက်ခရွန်သည် ပြင်သစ်သမိုင်းတွင် အငယ်ဆုံးသမ္မတအနေဖြင့်လည်း မှတ်တမ်းဝင်လာမည်ဖြစ်သည်။ ၎င်းသည် လက်ယာစွန်း နိုင်ငံရေးအမြင်ရှိသူ မာရင်းလီပန်းကို မေ ၇ ရက် နောက်ဆုံးအဆင့် ရွေးကောက်ပွဲတွင် အနိုင်ယူ ကျော်ဖြတ်ခဲ့သည်။

မက်ခရွန်သည် မဲအရေအတွက် ၆၆.၀၄ ရာခိုင်နှုန်းထိ ရရှိပြီး လီပန်းက ၃၃.၉၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ မက်ခရွန်သည် ၁၉၅၈ ခုနှစ်က စတင်ထူထောင်သည့် မော်ဒန်ရီပတ်ဘလစ် ဖောင်ဒေးရှင်း ပါတီကို ကိုယ်စား ပြုပြီး ရွေးကောက်ပွဲအနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်သစ်၏ အစဉ်အလာအကြီးဆုံး အထင်ကရ နိုင်ငံရေးပါတီကြီးနှစ်ခုပြင်ပမှ ပထမဆုံးအကြိမ် အာဏာရလာသည့် သမ္မတအနေဖြင့်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် မက်ခရွန်က ပြင်သစ်၏ သမိုင်းစာမျက်နှာသစ်ကို ရေးထိုးသွားမည်ဟု ကြေညာသည်။ “အဲဒီ စာမျက်နှာသစ်မှာ မျှော်လင့်ခြင်းတွေ၊ ယုံကြည်မှုကို ပြန်လည်မွမ်းမံ တည်ဆောက်ခြင်း တွေပါဝင်မယ်” ဟု ၎င်းက ကြွေးကြော်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပြင်သစ် လူ့အဖွဲ့အစည်းတွင် ဒေါသ၊ စိတ်ပူပန်မှုနှင့် သံသယများ ကြီးမားစွာ ရိုက်ခတ်ခဲ့ကြောင်း၊ ၎င်း၏ ၅ နှစ်တာ ပထမသက်တမ်းတွင် ပြင်သစ်လူ့အဖွဲ့အစည်း၌ သွေးကွဲမှုများ ဖြစ်ပေါ် နေခြင်းကို ပြင်ဆင်ရန် အားထုတ်သွားမည်ဖြစ်ကြောင်း မက်ခရွန်က ဆိုသည်။

မဲရေတွက်မှု ရလဒ်များ ကြေညာပြီးနောက် မက်ခရွန်ကို ထောက်ခံသူ ထောင်ပေါင်းများစွာက ပါရီမြို့ရှိ လုဗ် ပြတိုက်နှင့် မြို့လယ်တို့တွင် စုရုံးအောင်ပွဲခံခဲ့သလို ထို့နောက်တွင် မက်ခရွန်ကိုယ်တိုင် ထိုနေရာများသို့ ရောက်ရှိလာပြီး မိန့်ခွန်းပြောခဲ့သည်။ # 7 Day