“ဝ”အမျိုးသားအဖွဲ့ချုပ် UNFC မှ နုတ်ထွက်မည်

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ထံမှ “ဝ”အမျိုးသားအဖွဲ့ချုပ် (WNO) နုတ်ထွက်စာ တင်သွား မည်ဖြစ်ကြောင်း WNO ထံမှ သိရသည်။ ယင်းသို့ WNO နုတ်ထွက်မည် ဆိုသည့်သတင်းမှာ UNFC မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နုတ်ထွက်စာ တင်ထားသည်ဟု သတင်းများ ထွက်ပေါ်အပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

WNO အဖွဲ့က UNFC ထံသို့ နုတ်ထွက်ခွင့်ပြုရန် လိပ်မူထားသည့် အဆိုပါ နုတ်ထွက်စာသည် လူမှုကွန်ရက် စာမျက်နှာများသို့ ပျံ့နှံ့သွားခဲ့ပြီး အဆိုပါ နုတ်ထွက်စာသည် WNO ၏ နုတ်ထွက်စာအစစ်ဖြစ်ပြီး UNFC သို့ ပေးပို့ရခြင်း မရှိသေးဘဲ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်း UNFC အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး တာ့ညီလူက ပြောကြားသည်။

လက်ရှိ ထွက်ပေါ်လာသည့် နုတ်ထွက်စာသည် အကြမ်းထည် အဆင့်သာဖြစ်ပြီး WNO အနေနှင့် ညီလာခံ တစ်ခု ကျင်းပပြီးမှသာ UNFC သို့ နုတ်ထွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း တာ့ညီလူက ဆိုသည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲများကြောင့် မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ ယခင်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်ရန် အကျပ်အတည်း ဖြစ်ပေါ်လာနေကြောင်း “ဝ”အမျိုးသားအဖွဲ့ချုပ် (WNO) ၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။

ထို့ပြင် “ဝ”ပြည်သူလူထုနှင့် “ဝ”အဖွဲ့အစည်းများကလည်း “ဝ”တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ကွဲပြားစွာ ရှိနေခြင်းအစား တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်း စုစည်းသွားရန် ပြင်ဆင်လျက်ရှိပြီး WNO အဖွဲ့ကလည်း တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းစုစည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိနိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကြောင့် UNFC အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ရန် အခက်အခဲ ရှိလာသဖြင့် UNFC မှ နုတ်ထွက်ခွင့်ပြုရန် WNO ၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။

UWSA အဖွဲ့သည် အစိုးရက လက်ရှိသွားနေသည့် NCA လမ်းကြောင်းကို ငြင်းပယ်ထားသည့်အဖွဲ့ ဖြစ်ပြီး မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံရေးဆွေးနွေးမှု ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားခဲ့သည်။

WNO အဖွဲ့သည် UNFC တပ်ပေါင်းစု ဖွဲ့စည်းပြီးနောက် ဝင်ရောက်ပါဝင်ခဲ့သည့် လားဟူ (LDU)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ ပအိုဝ်း (PNLO)၊ တအာင်း/ပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) စသည့် အဖွဲ့ဝင်သစ် ခြောက်ဖွဲ့နှင့်အတူ UNFC သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း UNFC မှ နုတ်ထွက်စာ တင်ထားသည်ဟု သတင်း များထွက်ပေါ်နေသော်လည်း KIO ပြန်ကြားရေး တာဝန်ခံက KIO အနေနှင့် UNFC ထံ လျှို့ဝှက်စာ တစ်စောင် ပေးပို့ထားသော်လည်း အဆိုပါပေးစာမှာ နုတ်ထွက်စာ ဟုတ် မဟုတ် မသိရှိကြောင်း The Voice သို့ ပြောကြားထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မူလက ပါဝင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ အနက် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၊ အစရှိသည့်အဖွဲ့များ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။  # The Voice