အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းအရ စွပ်စွဲမှုတိုင်းကို တုံ့ပြန်မည် မဟုတ်ဟု ပြည်ခိုင်ဖြိုးပြောခွင့်ရဆို

 

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေး၊ ဘာသာရေးဖြစ်ရပ်တိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါဝင် ပတ်သက်နေသည်ဟူသော စွပ်စွဲ ချက်များကို ပြန်လည်တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏ အရေးတကြီး လိုအပ်နေ သော အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို မထိခိုက်စေလို သော ကြောင့် လိုက်ပါတုံ့ပြန်ဆောင်ရွက်မည်မဟုတ်ကြောင်း င်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က လူထုပုံရိပ်ဂျာနယ်သို့ ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရေး ရင်ကြားစေ့ရေးလမ်းစဉ်ကို မထိခိုက်စေလိုခြင်း ကြောင့်လည်းကောင်း၊ မိမိတို့ပါတီ၏ သဘောထားများနှင့်လည်း ကိုက်ညီနေခြင်းဖြစ်သောကြောင့် လည်းကောင်း၊ ယင်းကဲ့သို့ စွပ်စွဲမှုတိုင်းကို လိုက်ပါတုံ့ပြန်မည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားထားသည်။

သို့သော်ပါတီ၏ ဂုဏ်သိက္ခာနှင့်ပြယုဂ်ကို ထိခိုက်လာမည်ဆိုက လိုအပ်သလို အရေးယူဆောင်ရွက်မှုများကို အခြေခံဥပဒေဘောင်းအတွင်းက ဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ် တဲ့ ဦးဝင်းထိန်ရဲ့ ပြောဆိုချက်တွေဟာ မြန်မာ့တပ်မတော်နဲ့ ကျွန်တော်တို့ပါတီ အပေါ် ဘယ်လိုသဘောထားပြီး ပြောဆိုတာလည်း သိပ်နားမလည်ဘူဗျ။ တပ်မတော်နဲ့ ကျွန်တော်တို့ပါတီမရှိတော့ရင်တော့ တိုင်းပြည်က အလွန် ကောင်းစားသွားမှလားလို့ပဲ ဒီလိုပဲ ကျွန်တော် မေးခွန်းထုတ်လိုက်ချင်တယ်´´ ဟု ဒေါက်တာ နန္ဒာလှမြင့်က တုံ့ပြန်ပြောကြားလိုက်သည်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် သမ္မတဟောင်း ဦးသိန်းစိန် တာဝန်ယူစဉ် ကာလက မြန်မာနိုင်ငံ၏ အတိုက်အခံနိုင်ငံရေး လမ်းကြောင်းအားလုံးကို ဖွင့်ပေးခဲ့ပြီး လွှတ်တော်အတွင်းရောက်ရှိအောင် သမာသမတ်ရှိစွာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုလက်ရှိ အတိုက်အခံဘ၀ဖြင့် ရပ်တည်နေဆဲ ကာလတွင်လည်း အစိုးရ၏ လုပ်ငန်းဆောင်တာမှန်သမျှအား အပြစ်ပြောခြင်း မပြုဘဲ အပြုသဘောသာထောက်ပြခြင်းမျိုးသာ ဆောင်ရွက်ခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေပါကြောင်း ၎င်းက ရှင်းလင်းပြော ကြားသည်။

မေလ ၄ ရက်က ပြုလုပ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ပါတီအား ဂုဏ်သိက္ခာ ကျဆင်းစေရန် လုပ်ကြံသတင်းပြုလုပ်သူများတွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ပါတီ ပါဝင်နေသည်ဟူသော မေးခွန်ထုတ်ပြောဆိုမှုများကို တပ်မတော်ဘက်မှ မေလ ၅ ရက်က တုံ့ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာ ချက်တွင် တပ်မတော်အပါအ၀င် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲကာလတွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကို တာဝန်ယူနေရသည့် တပ်မတော်အပေါ် အခြေအမြစ်မရှိ စွပ်စွဲချက်များကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟူသော အချက်များပါဝင်ခဲ့သည်။