အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့်မရပါက ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရန် မလိုဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

NCA စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဦးဆောင်ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်တွင် ကျင်းပခွင့်မရခဲ့ပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ – ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန်လည်း မလိုအပ်ဟု  ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က The Ladies News သို့ ပြောကြားသည်။

UPDJC ၏ ကြီးကြပ်မှုဖြင့် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ပြီး၊ အရပ်ဖက် အဖွဲ့အစည်း များ ဦးဆောင် ကျင်းပသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

ထို့အတူပင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးများကို ကရင်၊ ပအိုဝ်း၊ ချင်းတို့ က ကျင်းပပြီးစီး ခဲ့သည်။

`အစိုးရ၏အဓိကတာဝန်သည် NCA ကို လက်မှတ်မထိုးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကြားထဲမှာ ငြိမ်းချမ်းရေးကိုရစေချင်လို့၊ လက်မှတ်ထိုးခဲ့ကြတဲ့ ၈ ဖွဲ့၊ အဲဒီရှစ်ဖွဲ့ရှိတဲ့နေရာတိုင်းမှာ ငြိမ်းချမ်းရေးညီလာခံ အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းကို ကျင်းပရမယ်။ ကျင်းပ နိုင်အောင်လည်း စီစဉ်ပေးရမယ်၊ ကျင်းပနိုင်အောင်လည်း ပဲငွေကြေးစီမံခန့်ခွဲခွင့်ချပေးရမယ်။ ဒါမှပဲ ၂၁-ရာစုပင်လုံဟာ အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်မှာပေါ့။

မေ ၂၄ မှာ ကျင်းပမယ့် ၂၁ – ရာစုပင်လုံရဲ့အနှစ်သာရသည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရလာတဲ့ နိုင်ငံရေးရလဒ်တွေကို ဆွေးနွေးညှိနှိုင်းသုံးသပ်ကြမယ့် ညီလာခံ၊ အဲဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မဖြတ်သန်းရဘူးဆိုရင် ၂၁ – ရာစုပင်လုံ ၂၄ ရက် မေကို တက်စရာကိုမလိုဘူး၊ တက်လို့လည်း ဘာမှမထူးဘူး၊ ထိုင်နေရုံပဲ` ဟု ၄င်းက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် NCA တွင် လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ပူးပေါင်းကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အကြိုပြင်ဆင်သည့်အနေဖြင့် မြို့နယ် ငါးမြို့နယ်တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ထားကြောင်း ဒေါက်အေးမောင်က ဆက်လက်ပြောကြား သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ – ရာစုပင်လုံကို တက်ရောက်မည်  မတက်ရောက်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ၏
ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမည်ဟုလည်း ၄င်းက ပြောကြားသည်။

NCA တွင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ အနက် ကရင်လက်နက်ကိုင်အဖွဲ့ များဖြစ်သည့် KNU၊ KNU-KNLA(PC)၊ DKBA၊ ပအို့ဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO) နှင့် ချင်း အမျိုးသားတပ်ဦး (CNF) တို့သာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ထားပြီး။ ရခိုင်လက်နက်ကိုင် အဖွဲ့ (ALP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမပြုလုပ်ရသေးပေ။

#The Ladies News