ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို အာမခံရရှိသည့် ပုဒ်မအဖြစ် ပြင်ဆင်ရန် ရှေ့နေချုပ်ရုံးမှ အကြံပြု
(၂၀၁၃)ခုနှစ်မှာ စတင်ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရသူတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အာမခံရရှိခွင့် ရှိသင့်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့ အကြံပြု တောင်းခံမှုအပေါ် အကြောင်းပြန်ကြားထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ကသိရပါတယ်။
မေလ(၄)ရက်က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက် ချက်တွေအပေါ် သတင်းစာရှင်းလင်းပွဲမှာ ၆၆(ဃ) နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး ကိုယ်စား အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း အကြံပြုလွှာ တောင်းခံတဲ့အပေါ်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုချက် ပေးပို့တာသာဖြစ်ပြီး ဥပဒေ ကြမ်းအတည်ဖြစ်ဖို့အတွက် လွှတ်တော်အသီးသီးမှာ တင်သွင်းရမှာဖြစ်သလို လွှတ်တော်အသီးသီးကသာ အတည်ပြုမှသာ ဥပဒေကြမ်းအတည်ဖြစ်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ယခင်အစိုးရလက်ထက်မှာ အတည်ပြုပြဌာန်းခဲ့တာဖြစ်ပြီး အဲ့ဒီ ၆၆(ဃ) နဲ့ တရားစွဲဆိုခံရသူကို အာမခံမရရှိဘဲ ဖမ်းချုပ်ခွင့်ရရှိထားတဲ့ ရဲအရေးပိုင်ပြစ်မှုဖြစ်တဲ့ အတွက် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ဥပဒေပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။ ဒီသတင်းကို လွှတ်တော်ချန်နယ်က သိန်းကိုလွင်က ပေးပို့ထားတာဖြစ်ပါတယ်။
Central News Bureau