ကမ္ဘာ့အမွေအနှစ် စာရင်း တင်ရန် ပုဂံဒေသရှိ ဒြပ်မဲ့ယဉ်ကျေးမှုများ စာရင်းကောက်

ပုဂံယဉ်ကျေးမှုဒေသကို ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း (မူကြမ်း) တင်သွင်းနိုင်ရေးအတွက် ဒေသတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုများကို ယူနက်စကိုနည်းဖြင့် စာရင်းကောက်ယူမှု စတင်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ပုဂံဒေသက ရှေးဟောင်းအဆောက်အအုံ၊ အထိမ်းအမှတ်တွေအပြင် ဒြပ်မဲ့ယဉ်ကျေးမှု (ရိုးရာယဉ်ကျေးမှု တွေ ဓလေ့ထုံးစံ) တွေရှိနေတယ်။ ယူနက်စကိုဝင်ဖို့ တင်သွင်းတဲ့နေရာမှာ နောက်ဆက်တွဲ တစ်ခုအနေနဲ့ ထည့်သွင်းဖို့ ကောက်ယူနေတာပါ”ဟု အဆိုပါဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြား သည်။

မြန်မာနိုင်ငံအနေနှင့် ပုဂံယဉ်ကျေးမှုဒေသကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ် ဒေသ တစ်ခုအဖြစ် တင်သွင်းရန် စီစဉ်ထားခြင်းဖြစ်ရာ ယင်းသို့တင်သွင်းနိုင်ရန် ယူနက်စကို စံနှုန်းများနှင့်အညီ စာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှလည်း သိရသည်။

ယင်းသို့ စာရင်းကောက်ယူရန်အတွက် ယူနက်စကိုမှ ပညာရှင်များနှင့် ဌာနအတွင်း ဝန်ထမ်းများအပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ဧပြီလဆန်းပိုင်းက ပြုလုပ် ခဲ့ကြောင်း၊ စက်တင်ဘာ လအတွင်း စာရင်းကောက်ယူမှု ပြီးစီးရန် စီစဉ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူးက ထပ်လောင်း ပြောကြားသည်။

“ပုဂံဒေသမှာရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ဒေသဆိုင်ရာ နည်းလမ်းတွေ၊ အရင်က ကောက်ယူထားတဲ့ အချက် အလက်တွေတော့ ရှိတယ်။ ဒါပေမဲ့ ယူနက်စကို တင်သွင်းမှာဆိုတော့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ညီအောင် ပုံစံချပြီး ပြန်ကောက်တဲ့သဘောပါ”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအောက်ရှိ ကမ္ဘာ့အမွေ အနှစ်များ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောဆိုသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များအဖြစ် ရိုးရာပုံပြင်များ၊ သဘာဝဆိုင်ရာ အလေ့အထများနှင့် အပြုအမူ၊  ယုံကြည်ကိုးကွယ်မှုဆိုင်ရာများ၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ ပညာရပ်များနှင့် လက်မှု အတတ်ပညာရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာများနှင့် ပွဲတော်အခမ်းအနားများဟူ၍ အဓိက အခန်းကဏ္ဍများပါဝင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအနေနှင့် ယူနက်စကို နည်းလမ်းအတိုင်း ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတွင် အကျုံးဝင်သည့် ဘာသာ စကား (နှုတ်ပြောအစဉ်အလာများ) နှင့် ဖော်ပြချက်များ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာ များ၊ လူမှုထုံးတမ်း အစဉ်အလာ ပွဲလမ်းသဘင်များ၊ သဘာဝနှင့် တစ်လောကလုံးအတွက် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံ များ၊ ရိုးရာလက်မှု၊ ရိုးရာအားကစား၊ ရိုးရာ အစားအစာတို့ကို စာရင်း ကောက်ယူနေခြင်းဖြစ်သည်။

# The Voice