ပြည်ထောင်စုအဆင့် JMC အစည်းအဝေးတွင် တပ်မတော်နှင့် ရှမ်း၊ ကရင်အဖွဲ့တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U) အစည်းအဝေးကို မေလ ၃ ရက်ကစတင်၍ ရန်ကုန်မြို့၌ သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ရှမ်း၊ ကရင် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့်တပ်မတော်တို့သည် ဧပြီ ၅ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့နယ်တွင် တိုက် ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့်  ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည်လည်း ဧပြီ ၂၂ ရက်က တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့အစည်းအဝေးနဲ့ ဒီအစည်းအဝေးကြားကာလထဲမှာ တချို့ထိတွေ့မှုလေးတွေရှိခဲ့တာကို အောက်ခြေ မှာ ဘာအခက်အလဲတွေရှိလဲစသဖြင့် အဲဒါဆွေးနွေးမှာပါ။ ထိတွေ့မှုတွေက RCSS နဲ့ဖြစ်တဲ့ထိတွေ့မှုတွေရှိ တယ်။ နောက်တစ်ခုက KNU နဲ့ ထိတွေ့မှုရှိခဲ့တယ်’’ ဟု JMC-U အဖွဲ့ဝင် ဆလိုင်းယောအောင်က ဆိုသည်။

ဆက်လက်၍၎င်းက ‘‘ဒီလိုမျိုးဖြစ်စဉ်က နိုင်ငံတကာမှာ လည်းရှိပါတယ်။ တစ်ခါတစ်ရံ အောက်ခြေတပ်တွေ ကြားထဲမှာ အဆက်အသွယ်ယူရမှာ မယူမိတာတွေ၊ အဆက်အသွယ်ယူရင်းကပဲ လစ်ဟာသွားတဲ့ ကိစ္စ လေးတွေ အဲဒါတွေကပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ သို့သော်အဲဒါကို အချိန်မီသိတယ်၊ ထိန်းသိမ်း ကြတယ်ဆိုရင် ပြဿနာအကြီးကြီး မဖြစ်ဘူးပေါ့’’ ဟု ၎င်းကပြောသည်။

JMC-U ကို အစိုးရ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် အရပ်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားပြီး အစည်းအဝေးကို နှစ်လတစ်ကြိမ် ပုံမှန် ကျင်းပရန် သတ်မှတ်ထားသည်။ JMC-U ၏အဓိကလုပ်ငန်းတာဝန်မှာ တပ်မတော်နှင့် NCA ထိုးထားသည့် အဖွဲ့များကြားဖြစ်ပွားသည့် အငြင်းပွားမှုများ၊ ပဋိပက္ခများကို စောင့်ကြည့်ညှိနှိုင်းရန်ဖြစ်သည်။

ယခုကျင်းပမည့် (၁၀) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီများ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ဆလိုင်းယောအောင် က ဆိုသည်။

တပ်မတော်နှင့် NCA လက်မှတ်ထိုးအဖွဲ့များအကြား ထိတွေ့မှုဖြစ်ပွားနိုင်ခြေရှိသည့် ကရင်နှင့် ရှမ်းပြည်နယ် တို့တွင် ဒေသအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီများ အဓိကထား ဖွဲ့စည်းမည်ဖြစ်ပြီး ဒေသအဆင့် ကော်မတီ စုစုပေါင်း ၁၀ ခုဖွဲ့စည်းရန် သတ်မှတ်ထားသည်။

# 7 Day