အနိမ့်ဆုံး လုပ်ခလစာ ကျပ် (၅၆၀၀) တိုးမြင့် သတ်မှတ်မှုနှင့်အတူ ကုန်ဈေးနှုန်း ထိန်းချုပ်မှု အတွက်ပါ ကြိုတင် ပြင်ဆင်ထားသင့်

အနိမ့်ဆုံးလုပ်ခလစာကျပ် (၅၆၀၀) တိုးမြင့်သတ်မှတ်ပေးဖို့နဲ့ အတူကုန်ဈေးနှုန်း မတက်စေရေး အတွက်ပါ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မေလ(၁)ရက် အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။

တိုင်းပြည်မှာ လုပ်ခလစာတိုးတိုင်း ကုန်ဈေးနှုန်းတက်လေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ နစ်နာမှု တွေဖြစ်နေရပြီး အနိမ့်ဆုံးလုပ်ခလစာကို (၅၆၀၀)တိုးမြှင့်မယ်ဆိုပါက အလုပ်သမားတွေ အတွက် အမှန် တကယ်ရရှိတဲ့ ငွေဖြစ်စေလိုတယ်လို့ အလုပ်သမားရေးရာတာဝန်ခံ ဒေါ်သက်သက်အောင်က ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာဟာ နှစ်နှစ်တစ်ကြိမ် ပြင်ဆင်ဖို့သတ်မှတ်ထားတာကြောင့် (၂၀၁၇) ခုနှစ်မှာ (၅၆၀၀) အဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ အလုပ်သမားတွေက တောင်းဆိုနေကြတာဖြစ် ပါတယ်။

အစိုးရသစ်လက်ထက် အခြေခံအလုပ်သမားတွေအတွက် တစ်နေ့ကို အလုပ်ချိန် ရှစ်နာရီ၊ အနိမ့်ဆုံး လုပ်ခ လစာကျပ် (၅၆၀၀) သတ်မှတ်ပေးရေးအတွက် မေလ(၁)ရက်က၊ ရန်ကုန်မြို့၊ လှိုင် သာယာမြို့နယ်၊ ကနောင်ခန်းမမှာ ကျင်းပခဲ့တဲ့ (၁၂၇)ကြိမ်မြောက် အလုပ်သမားနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ယက်နဲ့ Wegenerationnetwork (ဝီဂျင်နရေးရှင်း နက်ဝ့စ်) တို့ရဲ့ ပူးတွဲကြေညာချက်မှာ အချက်တစ်ချက်အနေနဲ့ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

တိုးမြှင့်ပေးဖို့တောင်းဆိုနေတဲ့ အနိမ့်ဆုံးလုပ်ခလစာ (၅၆၀၀)ကျပ်ဟာ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ တွက်ဆကြည့်ပါက လုံလောက်တဲ့ပမာဏမရှိသေးကြောင်း၊ တိုးမြှင့်ပေမယ့် လုပ်ခလစာဟာ အိမ်နီချင်းနိုင်ငံ တွေမှာ ပေးတဲ့လုပ်ခလစာရဲ့ တစ်ဝက်အနေအထားမှာသာ ရှိနိုင်သေးတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ပြောကြပါတယ်။

လုပ်ခလစာ တိုးမြှင့်ပေမယ့် ကုန်ဈေနှုန်းတွေ လိုက်လံကြီးမြင့်နေပါက အလုပ်သမားတွေဘက်က ထပ်မံ တိုးမြင့်ပေးဖို့ တောင်းဆိုနေမှာဖြစ်တာကြောင့် အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုကို စီးပွားရေး ပေါ်လစီ အရ ထိန်းချုပ်သင့်တယ်လို့ မြန်မာနိုင်ငံ ခုံသမာဓိကောင်စီအဖွဲ့ဝင် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးဋ္ဌေးက သုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ (၂၀၁၅)ခုနှစ်က အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို (၃၆၀၀) သတ်မှတ်ခဲ့ ပေမယ့် ဥပဒေအရ တိတိကျကျ သတ်မှတ်မှုမရှိတာကြောင့် အလုပ်ရှင်တွေဘက်က လုပ်အား ခေါင်းပုံ ဖြတ်မှုတွေရှိခဲ့ပြီး လုပ်ခလစာ (၅၆၀၀)တိုးမြှင့်ပေးပါက ဥပဒေအရ တိတိကျကျ သတ်မှတ်ပေးစေလို တယ်လို့ လုပ်သားတွေက ပြောပါတယ်။

မေလ(၁)ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမမှာကျင်းပတဲ့ (၁၂၇) ကြိမ်မြောက် အလုပ် သမားနေ့ အခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့စည်းမှ ဦးကိုကိုကြီး၊ အလုပ် သမားဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးဌေးနှင့် လှိုင်သာယာမြို့နယ်မှ လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ အလုပ်သမားအဖွဲ့စည်းတွေ အခြေခံ အလုပ်သမားတွေ တက်ရောက်ခဲ့ကြပါတယ်။

Central News Bureau