ရာသီမကုန်မီ ဘိုင်ယန်မြူးနစ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်

ဝုဖ်ဘတ်ကို ခြောက်ဂိုးပြတ်အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်သည် ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် အမှတ်ပေး ချန်ပီယံဆုဖလားကို ၂၇ ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်း၌ ငါးကြိမ်ဆက် ပထမဆုံး ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

 

ဘိုင်ယန်မြူးနစ်သည် ယခုနှစ်ရာသီအတွင်း ကစားခဲ့သမျှလိဂ်ပွဲ၌ နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ယခုပွဲမှာ ငါးဂိုးနှင့် အထက် သွင်းယူနိုင်ခဲ့သော ပဉ္စမမြောက်နိုင်ပွဲဖြစ်သည်။ အသင်းခေါင်းဆောင် ဖိလစ်လမ်း သည် ဘိုင်ယန် နှင့်အတူ အမှတ်ပေးချန်ပီယံဆုကို ကိုးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သဖြင့် ဂိုးသမားဟောင်း အိုလီဗာခန်း၊ ရှော်လ်နှင့် ရှဝိန်းစတိန်ဂါတို့ထက် တစ်ကြိမ် အသာစီးရခဲ့သည်။

ထို့အတူ နည်းပြအန်ဆယ်လော့တီသည် အေစီမီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီတို့နှင့်အတူ မတူညီသော အမှတ်ပေး ဆုဖလားများကို ဆွတ်ခူးခဲ့ပြီး ယခုအခါ ဘိုင်ယန်နှင့် ဆုဖလား ထပ်မံရရှိခဲ့သဖြင့် ဥရောပ၏ ကြီးငါးကြီးစာရင်းဝင် ထိပ်တန်းလိဂ် လေးခု၌ ဗိုလ်စွဲခဲ့ဖူးသည့် ပထမဆုံးနည်းပြဖြစ်လာသည်။

ပထမဆုံးရရှိခဲ့သည့် ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုသည် ၎င်းအတွက် ကောင်းမွန်သော အတွေ့ အကြုံဖြစ်ကြောင်း အန်ဆယ်လော့တီက ပြောကြားခဲ့ပြီး ဘိုင်ယန်အသင်းကို ကျေးဇူး တင်ကြောင်းပြော သည်။ ‘‘ရာသီတစ်လျှောက်လုံး ကျွန်တော်တို့ကို အားပေးထောက်ခံခဲ့တဲ့ ပရိသတ်တွေနဲ့၊ ဒီထူးချွန် ကစား သမားတွေနဲ့အတူ ရှိခွင့်ရတာ ကံကောင်းပါတယ်။ ကျွန်တော်တို့သရဖူနဲ့ ထိုက်တန်ပါတယ်’’ ဟု အန်ဆယ် လော့တီက ပြောသည်။

ဝုဖ်ဘတ်သည် ယခုပွဲရှုံးနိမ့်ခြင်းကြောင့် အဆင့် (၁၈)မှ အော့စ်ဘတ်နှင့် တစ်မှတ်သာ ကွာဟတော့သဖြင့် တန်းဆင်းဇုန် အန္တရာယ်နှင့် ပိုမိုနီးကပ်သွား သည်။ အခြားပွဲများတွင် ၀ါဒါဘရီ မင်က ဟာသာဘာလင်ကို ၂-၀ ဂိုး၊ မိုချန်ဂလာဘတ်က မိန့်ဇ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ဒေါ့မွန်နှင့် ကိုလုန်း၊ လိုက်ပ်ဇစ်နှင့် အင်ဂို စတက်ဒ် တို့ ဂိုးမရှိသရေကျခဲ့ သည်။

Ref:bbc