ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ်

နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မန္တလေး လေဆိပ်က အင်တာနေရှင်နယ် လေဆိပ်ပဲလေ။ ဆင်းမယ်ဆို ဆင်းလို့ရတယ်။ လေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းရမဲ့ အပိုင်းလေးတွေတော့ ရှိသေးတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

လက်ရှိတွင် ဂျပန်နိုင်ငံနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး လေကြောင်းလိုင်း တိုးချဲ့ပျံသန်းမည်ဆိုပါက မည်သည့်လေကြောင်းလိုင်းဖြင့် ပျံသန်းပြေးဆွဲမည်ကို ညှိနှိုင်းပြီးမှသာ အတိ အကျ သိရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ညွှန်ကြား ရေးမှူး ဦးမြင့်ထွေးက ရှင်းပြသည်။

ဂျပန်နိုင်ငံ ဆာကူရာဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဧပြီလ ၈ ရက်မှ ၁၆ ရက် အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်-မြန်မာ တိုက်ရိုက် လေကြောင်းလိုင်း တိုးချဲ့ ပြေးဆွဲနိုင်ရန် အဆိုပြု ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် ဂျပန်နိုင်ငံ Osaka University of Tourism က အမေရိကန် ဒေါ်လာသန်း ၂၀ဝ အကုန်ကျခံ၍ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တက္ကသိုလ် တည်ဆောက်ရန်လည်း ရှိနေကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ အနေနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MoU ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်နိုင်ငံတွင် လေယာဉ်ကွင်း ၆၇ ခုရှိရာ ဂျပန်နိုင်ငံအခြေစိုက် All Nippon Airline (ANA) လေကြောင်း လိုင်းသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ နေ့စဉ် တိုက်ရိုက် ပြေးဆွဲလျက်ရှိသည်။

# The Voice