ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်ရရှိ

ဆမ်ဆောင်း (Samsung) နည်းပညာကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း အမြတ်ငွေ ၅၀ ရာခိုင်နှုန်း နီးပါး တိုးမြင့်ရရှိခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

ဆမ်ဆောင်းနည်းပညာကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း မှန်ပြားတီဗွီကြီးတွေ၊ Memory Chip ပြား တွေနဲ့ စမတ်ဖုန်းတွေ အရောင်းစံချိန်တင်ခဲ့လို့ ၃ နှစ်အတွင်း အမြတ်အစွန်းအများဆုံး ဘဏ္ဍာရေး ၃ လပတ် ဖြစ်ခဲ့ပါတယ်။

ကုမ္ပဏီဟာ ပြီးခဲ့တဲ့မတ်လအထိ ၃ လတာ ကာလအတွင်း အမြတ်ငွေ ၈ ဒသမ ၈ ဘီလီယံနဲ့ ၄၈ ရာခိုင်နှုန်း ခုန်တက်ခဲ့တာပါ။

စမတ်ဖုန်းနဲ့ Memory Chip ပြား အော်ဒါတွေ အများအပြား ရရှိထားတဲ့အတွက် လာမယ့် ဘဏ္ဍာရေး လပတ်တွေမှာလည်း အမြတ်အစွန်း ပိုမိုရရှိဖွယ်ရှိတယ်လို့ ကုမ္ပဏီက ပြောဆိုပါတယ်။

မနှစ်က Galaxy Note 7 ဖုန်းဘက်ထရီ ပြဿနာတက်ခဲ့လို့ ဖုန်းအလုံးရေ ၂ သန်းခွဲလောက် ပြန်လည် လဲလှယ် ပြုပြင်ပေးခဲ့ရတဲ့အတွက် အခုနှစ်မှာ အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy S8 နဲ့ S8+ စမတ်ဖုန်း တွေကိုပဲ မှီခိုရမယ်လို့ ဆိုပါတယ်။

ဒီစမတ်ဖုန်းသစ်တွေကို ပြီးခဲ့တဲ့တပတ်ကမှ စတင်ရောင်းချခဲ့တဲ့အတွက် အရောင်းစာရင်း မထွက်လာသေး ပေမယ့် မနှစ်က ရောင်းချခဲ့တဲ့ Galaxy S7 ဖုန်းတွေထက် အော်ဒါ ပိုမိုရရှိထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

(DVB)