ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရွေ့လျားလာသော မိုးတိမ်တိုက်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်း ဖြစ်ပွားနိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရွေ့လျားလာသော မိုးတိမ်တိုက်တစ်ခုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလာနေတဲ့ မိုးတိမ်တိုက်ကြောင့် ဧပြီ ၂၅ ရက် နံနက်ပိုင်းကနေ နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှာ မိုးသည်းထန်ခြင်းနဲ့အတူ လေပြင်းများပါ တိုက်ခတ်နိုင်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းတို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပါတယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

မိုးတိမ်တောင်များ ဖြစ်ပေါ်မှုကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း တို့အပြင် မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့လည်း နေရာအချို့တွင် ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဧပြီ ၂၅ ရက်ထုတ်ပြန်ချက်၌ စဥ့်ကိုင်မြို့တွင် ၁ ဒသမ ၆၈ လက်မ၊ ဟားခါးမြို့တွင် ၁ ဒသမ ၁၄ လက်မ၊ မော်လိုက်မြို့နှင့် လွန်ကျော်မြို့တွင် ၀ ဒသမ ၈၂ လက်မ၊ တံတားဦးတွင် ၀ ဒသမ ၇၉ လက်မ၊ တီးတိန်မြို့တွင် ၀ ဒသမ ၇၁ လက်မ၊ ဖလမ်း၊ မုံရွာမြို့၊ ကျောက်ဆည် မြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၀ ဒသမ ၅၈ လက်မ၊ မိတ္ထီလာမြို့နှင့် လှိုင်းတက်မြို့တို့တွင် ၀ ဒသမ ၅၅ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်း ရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

# Eleven