အခွန်ရုံးဝန်ထမ်းများအား လစာတိုးပေးခြင်း မဟုတ်ဘဲ ဆုကြေးပေးခြင်းဟု ဆို

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှဝန်ထမ်းများအား အခြေခံလစာ နှစ်ဆတိုးပေးခြင်းမဟုတ်ဘဲ ဆုကြေး အနေဖြင့် ပေးခြင်းဖြစ်ပြီး ပေးမည့်ငွေပမာဏကို မသိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အခွန်ထမ်းကြီးများဆိုင်ရာ ဝန်ထမ်းများအား ဆုကြေးပေးခြင်းသည် ၂၀၁၇ ပြည်ထောင်စုအကောက်ခွန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ခြင်းသာဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြော သည်။
အခွန်ထမ်းကြီးများဆိုင်ရာ ဝန်ထမ်းများအား ဆုကြေးပေးရန် ၎င်းတို့၏ သုံးလတစ်ကြိမ် လုပ်ရည်ကိုင်ရည် များဖြစ်သည့် လက်ရှိနှစ် အခွန်ရရှိခြင်းသည် ယခင်နှစ် သုံးလထက် အခွန်ပိုမိုရရှိခြင်း၊ အဂတိကင်းရှင်းခြင်း စသည့်အချက်များ ကြည့်ပြီးမှသာ ဝန်ထမ်းများအားပေးမည့် ဆုကြေးကို တွက်ချက် သတ်မှတ်မည်ဖြစ် သည်ဟု ၎င်းက ဆိုသည်။
‘‘ရသင့်ရထိုက်တဲ့ အခွန်ရဖို့က အခွန်ဝန်ထမ်း လာဘ်စားနေလို့ မရပါဘူး။ လူချင်းတွေ့ပြီးတော့ ညှိတဲ့စနစ်၊ ရုံးဌာနကနေ စည်းကြပ်တဲ့စနစ် ကျင့်သုံးနေရင် အမြဲတမ်း အဂတိတရားနဲ့ သိပ်ပြီးတော့ မလွတ်ကင်းတဲ့ အနေအထားမျိုးလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့ အခွန်ထမ်းကိုယ်တိုင်က သူ့ရဲ့ အခွန်ကို တွက်ချက်ပြီး စည်းကြပ်တာကို ခံယူတဲ့စနစ်ကို ပြောင်းနေတယ်’’ဟု ဦးမောင်မောင်ဝင်း က ပြောသည်။
ထို့အပြင် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ အဂတိလိုက်စားနိုင်ရန် အခြေအနေရှိသော်လည်း ယင်းဌာန ဝန်ထမ်းများသည် လုံးဝအဂတိမလိုက်စားဘဲ လုပ်ဆောင်နေသည်ဟု ရဲရဲကြီးပြောနိုင်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ ပြည်ထောင်စု အကောက်ခွန်ဥပဒေ ပုဒ်မ ၃၇၊ ပုဒ်မခွဲ (ဂ) တွင် အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်း တာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများအား ဆုကြေးငွေချီးမြှင့်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် အညီ ခွင့်ပြု၊သုံးစွဲနိုင်သည်ဟု သတ်မှတ်ထားသည်။
သို့သော် အခွန်ထမ်းကြီးဆိုင်ရာ ဝန်ထမ်းများအား လစာတိုးပေးမည်ဟု သတင်းကျယ်ပြန့်စွာ ထွက်ပေါ် နေပြီး ထိုသို့အခွန်ငွေ ပိုဆောင်ရသော စီးပွားရေးလုပ်ငန်းကြီးများကိုသာ အခွန် စည်းကြပ်ရသည့် ဝန်ထမ်း များဖြစ်၍ အခွန်ငွေပိုရှာနိုင်ခြင်းသည် မထူးဆန်းသကဲ့သို့ လုံးဝလာဘ်မစားသော ဝန်ထမ်းများဖြစ်သော ကြောင့်ဟု ဆိုခြင်းမှာလည်း အခြားဝန်ထမ်းများ လာဘ်စားသည်ဟု စွပ်စွဲရာရောက်ကြောင်း စသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ပြည်ထောင်စုအခွန်ကောက်ဥပဒေတွင် တာဝန်ကျေပွန်သော အခွန် ဝန်ထမ်းများအား ဆုကြေးငွေချီးမြှင့်ရန်ဆိုသော အချက်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြန်လည်စဉ်းစားသုံးသပ်ရန် အကြံပြု ခဲ့သေးသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်း၊ အောင်ဘာလေ ကဏ္ဍများအတွက် စုစုပေါင်းအခွန်ငွေကျပ် ဘီလီယံငါးထောင့်သုံးရာကျော် ရရှိပြီး ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် တွင် အခွန်ငွေ ကျပ်ဘီလီယံ လေးထောင့်ခြောက်ရာကျော် ရရှိခဲ့သဖြင့် ကျပ်ဘီလီယံ ခုနစ်ရာကျော်တိုးကာ ရရှိခဲ့သည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

# 7 Day