ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့ကို ပါရာဂွေးသမ္မတ ရာထူးမှ ဖယ်ရှား

နိုင်ငံတွင် လူသေဆုံးစေသည်အထိ အခြေအနေဆိုးရွားသွားခဲ့သော အကြမ်းဖက်ဆန္ဒပြမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ် တို့ကို ပါရာဂွေးသမ္မတက ရာထူးမှ ထုတ်ပယ်လိုက် သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်းတစ်ရပ်အား ဆန့်ကျင်သူများက လွှတ်တော်သို့ ၀င်ရောက်စီးနင်းခဲ့သည့် ဖြစ်ရပ် နှင့်အတူ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦး ပစ်သတ်ခံရခဲ့သည်အထိ ဦးတည်စေခဲ့သော ပဋိပက္ခဖြစ်စဉ်များ နောက်ပိုင်း  ယခုကဲ့သို့ ထိပ်တန်းအရာရှိများကို သမ္မတ ဟိုရက်တီယို ကာတက်စ် က အလုပ်ဖြုတ် လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက်ဆန္ဒပြမှုဖြစ်စဉ်များအတွင်း  ဥပဒေပြုအမတ်များအပါအ၀င် လူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ ဆန္ဒပြမှုနှင့်ပတ်သက်၍ လူပေါင်း ၂၁၁ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ဆန္ဒပြမှုများနောက်ပိုင်း ရဲများက အတိုက်အခံ ပါတီရုံးသို့ ရောက်ရှိလာပြီး ဆန္ဒပြသူများကို ရှာဖွေခဲ့ရာတွင် ပါတီလူငယ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ရိုဒရီဂို ကွင်တာနာ ရဲများ၏ ပစ်သတ်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးနောက် အတိုက်အခံခေါင်းဆောင်ဘက်က အစိုးရကို ပြင်းထန်စွာ ပြစ်တင်သွားခဲ့သည်။

ယင်းနိုင်ငံတွင် လယ်ယာယိမ်းဝါဒီ သမ္မတ ကာတက်စ်မှာ ၎င်း၏ ရာထူးသက်တမ်းကို နောက်ထပ် ထပ်မံ တိုးချဲ့နိုင်ရန်အတွက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ကြိုးပမ်းနေလျက်ရှိပြီး ပြီးခဲ့သည့်သောကြာနေ့က လွှတ်တော် တွင် လျို့ဝှက် မဲခွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါမဲခွဲမှုအပေါ် အတိုက်အခံခေါင်းဆောင်များက ပြစ်တင်ရှုတ်ချထားပြီး ယင်းလုပ်ဆောင်မှုမှာ လူဦးရေ ၆ ဒသမ ၈ သန်းရှိ ကုန်းတွင်းပိတ် တောင်အမေရိကနိုင်ငံကို အာဏာရှင်စနစ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားနိုင်ကြောင်း ပြောဆိုထားသည်။

Ref; AFP