ပိုက်လိုင်း စီမံကိန်းမှ မြန်မာကို ခွဲတမ်း ၂၀ ရာခိုင်နှုန်းပေးကြောင်း တရုတ်ကုမ္ပဏီပြော

လေးနှစ်တာ ထုတ်လုပ်ခဲ့သည့် သဘာဝဓာတ်ငွေ့ထဲမှ မြန်မာနိုင်ငံသို့ ကုဗပေ ၁ ဒသမ ၅ ဘီလီယံ ခွဲဝေ ပေးခဲ့ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP ထံမှ သိရသည်။

တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံမှ ရေနံကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်နေသော ယင်းစီမံကိန်းက လေးနှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၁၄ ဒသမ ၇၇ ဘီလီယံ ထုတ်ယူခဲ့သည်အနက် ၂၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်တွင်းအတွက် ၂၀ ရာခိုင်နှုန်း သုံးစွဲတယ်။ ကျန်တာကို တရုတ်နိုင်ငံ ရွှေလီကို ပို့လွှတ်တာ ဖြစ်တယ်”ဟု SEAGPကုမ္ပဏီ၊ဒု-မန်နေဂျာMr.Herny Zhang က ဆိုသည်။

စီမံကိန်း စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်ထိ သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၃ ဒသမ ၂ ဘီလီယံကို ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ရွှေလီထိ ပို့လွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ အရှေ့တောင် အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP ထံမှ သိရသည်။

အဆိုပါ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ စတင်ကာ တရုတ်နိုင်ငံ ရွှေလီမြို့အထိ ဆက်သွယ်ထားပြီး မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်သည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် တရုတ်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီ ခြောက်ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အစုရှယ်ယာရှင်များမှာ CNPC-SEAP (တရုတ်)၊ MOGE (မြန်မာ)၊ DAEWOO International (ကိုရီးယား)၊ KOGAS, ONGC Caspian E & P B.V, GAIL ကုမ္ပဏီများ ဖြစ်သည်။

မြန်မာနိုင်ငံက ရရှိသော အဆိုပါ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ကို မန္တလေးမြို့ရှိ ခွဲဝေစခန်း(off-loading point)မှတစ်ဆင့် ကျောက်ဆည် စက်မှုဇုန်ရှိ လျှပ်စစ်စက်ရုံနှင့် မှန်စက်ရုံတို့သို့လည်းကောင်း၊ ရေနံချောင်း ခွဲဝေရေးစခန်းမှတစ်ဆင့် ရေနံချောင်း စက်မှုဇုန်၊ တောင်သာ ခွဲဝေရေးစခန်းမှ မြင်းခြံ လျှပ်စစ်စက်ရုံနှင့် မြန်မာ့အမှတ်-၁ သံမဏိစက်ရုံတို့သို့လည်းကောင်း ပို့လွှတ်လျက်ရှိသည်။

မြန်မာ-တရုတ်ပိုက်လိုင်း လည်ပတ်ရန် ဦးဆောင်ကုမ္ပဏီဖြစ်သည့် တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ CNPC နှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတို့ နှစ် ၃၀ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍လုပ်ငန်း စတင် လည်ပတ်ခဲ့သည်။

The Voice