ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံသို့တင်သွင်းမည့် အကြောင်းအရာများအား ဆွေးနွေးရန် ဒုတိယအကြိမ် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ၏ အစည်းအဝေးများ ဧပြီ ၂၅ ရက်တွင် စတင်ရန် လျာထား
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံတွင် တင်သွင်းမည့် အကြောင်းအရာများအား ဆွေးနွေး ရန် ဒုတိယအကြိမ် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ၏ အစည်းအဝေးများကို ဧပြီ ၂၅ ၇က်မှ ၂၇ ရက် အထိ ပြုလုပ်ရန်လျာထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်ထံမှ သိရသည်။
ပြည်ထောင်စုအဆင့်တွင်သာ ဆွေးနွေးရမည့် လုံခြုံရေးကဏ္ဍအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ကျင်းပသည့် ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးထားသော နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ သယံဇာတကဏ္ဍဆိုင်ရာ သဘောထားဆန္ဒများအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံသို့မတင်သွင်းမီ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများတွင် ပြန်လည် စုစည်း ရွေးချယ်ရန်လိုအပ်ကြောင်း UPDJC တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါကဏ္ဍငါးခု အောက်တွင် ဆွေးနွေးရမည့် ခေါင်းစဉ်စုစုပေါင်း ၁၀ ခုရှိကြောင်း သိရသည်။
စိုင်းကျော်ညွန့်က “ဒီလကုန်ဆိုတာက အကြမ်းဖျင်းတော့ ၂၅၊ ၂၆၊ ၂၇ ပေါ့။ အဲဒီလို သတ်မှတ်ထား တာတော့ ရှိတယ်။ ဒီဧပြီပေါ့။ ဒါပေမဲ့ ရက်က အတည်ပြုထားတာတော့ မရှိသေးဘူး။ အကြမ်းဖျင်း စီစဉ် ထားတဲ့သဘောပဲ ရှိပါသေးတယ်။ လုပ်ငန်းကော်မတီပြီးရင်တော့ UPDJC အတွင်းရေးမှူး အစည်းအဝေး၊ ပြီးမှ UPDJC ပေါ့။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေနွေးပွဲရလဒ်တွေကို ဆွေးနွေးရ မယ့် သဘောတော့ ရှိတာပေါ့။ ဒါမှသာလျှင် ဒီဟာတွေကို ညီလာခံမှာတင်သွင်းပြီးတော့ ဆွေးနွေးလို့ရအောင် ဆွေးနွေးရမယ့် သဘောရှိပါတယ်” ဟု ပြောကြားသည်။
ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများသည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တင်ပြလာသော အကြံပြုချက်များနှင့် အဆိုပြုချက်များအား အကျေအလည် စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီးရွေးချယ်ရန်နှင့် နည်းလမ်းသုံးခုထက် မပိုသည့် မူဝါဒအဆိုပြုလွှာများအား စိစစ်ရွေးချယ်ကာ UPDJC အတွင်းရေးမှူး အဖွဲ့ထံ ပေးပို့ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ တစ်ခုအတွင်း သို့မဟုတ် ကော်မတီများအကြား မဖြေရှင်းနိုင် သည့် သဘောထားကွဲလွဲမှုများ ရှိလာပါက UPDJC အတွင်း ရေးမှူးမှတစ်ဆင့် UPDJC သို့ တင်ပြကာ ဆုံးဖြတ်ချက် ပေးပို့ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများသည် မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်း အရာများအား ဆွေးနွေးရာတွင် လိုအပ်ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနား လည်သည်ဟု ယူဆရသည့် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးသွားနိုင်ကြောင်း UPDJC က သတ်မှတ်ထားသည်။
ဝီရမိုးနေ