မက်ဒီးရားလေဆိပ်ကို ရော်နယ်ဒို လေဆိပ်လို့ အမည်ပြောင်း ဂုဏ်ပြု

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုကို ဂုဏ်ပြုပြီး သူ့မွေးရပ်ဇာတိ မက်ဒီးရားမြို့က လေဆိပ်ကို သူ့အမည်ပြောင်းခဲ့ပါတယ်။ Aeroporto Cristiano Ronaldo လို့ ခေါ်တဲ့ မက်ဒီးရား လေဆိပ် အမည်သစ် ကင်းပွန်းတပ်ပွဲကို ခရစ္စတီယာနိုကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

အင်္ဂါနေ့က ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲ ကစားပေးခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ နံနက်မှာ သူ့ဂုဏ်ပြုပွဲကို တက်ရောက်ရင်း ရော်နယ်ဒိုက သူ အခုလို ဂုဏ်ပြုခံရတာကို မကျေနပ် သူတွေလည်းရှိမယ်လို့ ဝေဖန်လိုက်ပါတယ်။ လေဆိပ်အမည်သစ်ပေးပွဲအပြင် လေဆိပ်မှာ သူ့ ရုပ်တုကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုက”ကျွန်တော့်ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့တဲ့ ဒီက လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လေဆိပ် တစ်ခုကို ကျွန်တော့်နာမည်ပေးတာကိုမြင်ခွင့်ရတာက အရမ်းကို ထူးခြားမှုပါ။ ဒေသခံအစိုးရအဖွဲ့ အကြီးအကဲ မီဂွဲလ်အယ်လ်ဘူကာကီကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလိုဂုဏ်ပြုခံဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးပါဘူး။ တစ်ဖက်မှာ မကွယ်ဝှက်တမ်းပြောရရင် ဂုဏ်ပြုခံရလို့ ပျော်တယ်။ အရမ်းလည်း ကျေနပ်ပါတယ်။

ဒီလို ကျွန်တော့်အမည်ပေးတာကို သဘောမတူ၊ မကျေနပ်တဲ့လူတချို့လည်းရှိမှာပါ။သူတို့တွေကတော့ အခု ပျော်နိုင်မှာ မဟုတ်ပါဘူး”လို့ပြောသွားပါတယ်။ မက်ဒီးရားလေဆိပ်ကို ရော်နယ်ဒိုရဲ့အမည်ပေးတာဟာ ဒေသတွင်း ခရီးသွားလုပ်ငန်း တိုးတက်ဖို့ကိုပါ ရည်ရွယ်ခဲ့ပေမယ့် ဒေသခံတချို့ကတော့ အားကစားသမား တစ်ယောက်ရဲ့ အမည်ပေးတာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

-Ref; Sky Sports