ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမ္မတထရမ့်နှင့် ပူးပေါင်း လုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား

ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်လာစေရေး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကာလရှည်ကြာ ရပ်ဆိုင်းလျက်ရှိသည့် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်လည်စတင် နိုင်ရေး ပါလက်စတိုင်း နိုင်ငံတော် တည်ထောင်ရန် ရည်ရွယ်ထားသည့် နေရာများတွင် အစ္စရေး အစိုးရ အဖွဲ့က ဂျူးအခြေချ နေထိုင်သည့်အိမ်ရာများ တည်ဆောက်နေမှု ကန့်သတ်ရန် အမေရိကန်သမ္မတထရမ့် အုပ်ချုပ်ရေး အဖွဲ့က နည်းလမ်း ရှာဖွေလျက်ရှိသည်။

ယင်းကဲ့သို့ကြိုးပမ်းနေချိန်တွင် အမေရိကန်သမ္မတထရမ့်နှင့်ပူးပေါင်းကာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမည် ဟု အစ္စရေးဝန်ကြီးချုပ်က ကတိပြုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်က ရှုပ်ထွေးသည့်ဆွေးနွေးမှုများနှင့် နိုင်ငံနှစ်ခု တည်ထောင် အဖြေရှာ ရေးအချက်တို့ကို ရည်ညွန်း ပြောကြားသွားခြင်း မရှိခဲ့ပေ။ ထို့ပြင် အစ္စရေးနိုင်ငံတော် တည်ရှိခွင့်ကို ပါလက် စတိုင်းများက ငြင်းဆိုထားသဖြင့် အစ္စရေးနိုင်ငံကို ပါလက်စတိုင်းတို့ အသိအမှတ်ပြုရမည်ဟု ဝန်ကြီးချုပ်က ထပ်မံ တောင်းဆိုလိုက်သည်။

အစ္စရေးနိုင်ငံအပေါ် သဘောထားကောင်းမွန်ပြီး အစ္စရေးနိုင်ငံကို စစ်ရေးကူညီထောက်ပံ့မှု အပြည့်အဝ ပေးရန် လုပ်ဆောင်ပေးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း အစ္စရေးဝန်ကြီးချုပ်က ချီးကျူး လိုက်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ဂျူးများကို လိုလားပြောကြားခဲ့သဖြင့် ဂျူးအခြေချနေရာများ တည် ဆောက်ခွင့်ကို ထရမ့်က ခွင့်ပြုလိုက်မည်ဟု အစ္စရေးအများစုက မျှော်လင့်ခဲ့သော်လည်း သမ္မတအဖြစ် တာဝန် ထမ်းဆောင်ပြီးသည့်နောက်တွင် ယင်းအခြေချနေရာများ တည်ဆောက်မှု ရပ်တန့်ရန် ထရမ့်က အစ္စရေးဝန်ကြီးချုပ်ကို အကြံပြုထားသည်။

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ၂၀၁၄ ခုနှစ်မှ စတင် ရပ်တန့်သွားပြီး လက်ရှိအချိန်ထိ ပြန်လည်စတင်နိုင်ခြင်း မရှိသေးပေ။ # The Voice