ANP ညီလာခံ ရက်သတ်မှတ်ရန် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဧပြီတွင် ကျင်းပမည်

ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့် ရက်သတ်မှတ်ရန် ပါတီ ဗဟိုအလုပ် အမှုဆောင်အ စည်းအဝေးကို ဧပြီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညီလာခံကျင်းပမည့် ရက်အတိအကျကို လာမည့်ဧပြီတွင် ကျင်းပမည့် ပါတီဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးက အတိအကျ ဆုံးဖြတ်မည်ဟု ANP အတွင်းရေးမှူး ဦးအောင်မြကျော်က ပြောကြားသည်။

‘‘စီအီးစီ  အစည်းအဝေးက သင်္ကြန်အလွန်လောက်မှ ဖြစ်မယ် ထင်ပါတယ်။ ဧပြီလထဲမှာပေါ့’’ ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ပါတီညီလာခံကို ၂၀၁၇ နိုဝင်ဘာ (သို့မ ဟုတ်) ဒီဇင်ဘာ၌ ကျင်းပရန် လျာထားသည်ဟု ANP အထွေထွေအ တွင်းရေးမှူး ဦးထွန်းအောင်ကျော် က ဆိုသည်။

‘‘နှစ်ပါတီပေါင်းပြီး စနစ်တ ကျမရေးဆွဲလိုက်ရတဲ့ ပါတီအခြေခံဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေမှာ ပြုပြင် စရာတွေရှိပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင်အ ရေအတွက်တွေရော၊ ဗဟိုကော်မတီ အရေအတွက် တွေရော ဖောင်းပွနေတာတွေ ကျွန်တော်တို့ ပြင်ရမယ်’’ ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ထို့ပြင် ရွေးချယ်တင်မြှောက် ခံရမည့်သူများ၏ အရည်အချင်းများ သတ်မှတ်ရန်လည်း အကြံပေးမှုများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းပြီးနောက် ပထမအကြိမ် ပါတီညီလာခံကို ၂၀၁၄ စက်တင်ဘာက ရခိုင်ပြည်နယ် သံတွဲမြို့၌ ကျင်းပခဲ့သည်။

ပထမအကြိမ် ပါတီညီလာခံတွင်  ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ကို ALD ပါတီမှ ခုနစ်ဦး၊ RNDP ပါတီမှ ၃၂ ဦး၊ စုစုပေါင်း ၃၉ ဦးရွေးချယ်ခဲ့သည်။ သို့ရာတွင်  ပါတီတွင်းသဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့၍ ALD ပါတီမှ ပုဂ္ဂိုလ်များသည် ANP တွင်ပါဝင်ခြင်းမရှိတော့ဘဲ လက်ရှိတွင် ပါတီသစ်ထူထောင်နိုင်ရေး ကြိုး ပမ်းနေကြောင်း သိရသည်။

# 7 Day Daily