အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ယုံကြည်မှု အပြန်အလှန် တည်ဆောက်ရန် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် တောင်းဆို

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပြီဖြစ်ကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁) နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က တောင်းဆိုလိုက်သည်။

ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ (၁၄၁) နှစ်မြောက် မွေးနေ့ကို ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန် တွင် မတ်လ၂၃ ရက်က အဆိုပါ ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ကွန်ရက်နှင့် မိသားစုဝင်များက ဦးဆောင် ကာ ဂါရ၀ပြုခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနား သို့ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)၊ ကယန်း ပြည်သစ် ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမား၊ လယ်သမားအဖွဲ့များနှင့် စာပေပညာရှင် ၂၀၀ ခန့် တက်ရောက်ကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အား ကန်တော့ခြင်း၊ အမှတ်တရစကား ပြောကြား ခြင်း တို့ ပြုလုပ်ခဲ့သည်။

‘‘ကျွန်တော်တို့ ကွန်ရက်ကနေ အဓိကအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်ရှိအာဏာရ အင်အားကြီး တပ်မတော်ဘက်က ထိုးစစ်ဆင်နေမှုတွေရပ်စဲပေးဖို့ အကြံပြုတောင်းဆိုထားတယ်။ နောက်ပြီး တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တချို့ကို အရပ်ဘက် သောင်းကျန်းသူတွေလို့ ပြောဆိုနေတာတွေ ပယ်ဖျက်ပေး ဖို့ တောင်းဆိုထားတယ်’’ ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ပြန်ကြားရေးအလုပ် အဖွဲ့ဝင် ဦးထွန်းဝင်းငြိမ်းက ပြောသည်။

ပထမဦးစားပေးအဖြစ် အပစ်အခတ်ရပ်စဲကြရန်၊ တပ်မတော်မှ သဘောထားကြီးစွာဖြင့် ဦးစွာစစ်ရပ်စဲ ကြောင်းကြေညာပေးရန်၊ မည်သည့်သတ်မှတ်ချုပ်ချယ်မှုနှင့် အကန့်အသတ်မပါဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တန်းတူညီမျှ ပါဝင်တက်ရောက်ဆွေးနွေးဆုံး ဖြတ်ခွင့်ရှိရန် စသည့် အချက်များကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆို ထားသည်။

ထို့အပြင် အားလုံးသဘောတူလက်ခံသည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံဖြစ်စေ၊ အခြားစစ်မှန် သော ငြိမ်းချမ်းရေးညီလာခံဖြစ်စေ တရားမျှတ၊ တန်းတူ၊ လွတ်လပ်စွာဖြင့် အများသဘောတူ လက်ခံနိုင် သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲချမှတ်ပေးစေလိုကြောင်း ဦးထွန်းဝင်းငြိမ်းက ပြောသည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းကို ၁၈၇၆ တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၀ါးလယ်ရွာတွင် မွေးဖွားခဲ့ပြီး အသက်(၈၉)နှစ်အရွယ် ၁၉၆၄ တွင် ကွယ်လွန်ခဲ့သည်။

7 Day Daily