ဒုတိယအကြိမ် ရန်ကင်းတောင် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ဒုတိယအကြိမ် ရန်ကင်းတောင်ဖိတ်ခေါ် Mountain bike စက်ဘီးပြိုင်ပွဲကို ဧပြီ ၂ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။

ပြည်တွင်းတာဝေးစက်ဘီးပြိုင်ပွဲတစ်ခုတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေစဉ်

၂၀၁၆ က ပထမအကြိမ် ပြုလုပ်ခဲ့သည့် ရန်ကင်းတောင် ဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲ၌ ကျောက်လမ်းပေါ်တွင် စီးနင်းသည့်ပြိုင်ပွဲနှင့် လမ်းကြမ်းတောင်ဆင်း (Down Hill) ပြိုင်ပွဲဟူ၍ ပြိုင်ပွဲနှစ်မျိုး ပါဝင်ခဲ့သော်လည်း ဒုတိယအကြိမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ကျောက်လမ်းပေါ်၌ စီးနင်းသည့် ပြိုင်ပွဲသာ ပါဝင်မည် ဟု အဆိုပါပြိုင်ပွဲကို စီစဉ်သည့် မန္တလေးမြို့ အိုစတိုးမှ မန်နေဂျာ ကိုအောင်ကိုဝင်းကပြောသည်။

ပြိုင်ပွဲတွင် အမျိုးသား အ သက်(၂၅) နှစ်အောက်၊ ၂၅- ၃၅ နှစ်၊ ၃၅-၄၅ နှစ်၊ ၄၅-၆၀ ၊ ၆၀ နှစ် အထက်နှင့် အမျိုးသမီး အ လွတ်တန်း စသည့်ပြိုင်ပွဲဝင်အ တန်းများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ ၀င်ကြေးကို ကျပ် ၅,၀၀၀ သတ်မှတ်ထားကြောင်း စက်ဘီးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြိုင်ပွဲဝင်လိုသူများသည် မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ဖုန်း ၀၉-၄၀၂၅၉၇၃၅၉၂ သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း အားကစား နှင့် ကာယပညာဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါပြိုင်ပွဲကို ဧပြီ ၂ ရက် နံနက် ၆ နာရီတွင် ၇၈ လမ်း ပေါ်ရှိ အိုစတိုးရှေ့မှ စတင်တာ လွှတ်မည်ဖြစ်ပြီး ရန်ကင်းတောင် ပေါ်ရှိ သတ်မှတ်ထားသည့်နေရာတွင် ပန်းဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကင်းတောင် ဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန၊ MFR စက်ဘီးကလပ်နှင့် အိုစတိုးတို့ ပူးပေါင်း၍ ကျင်းပ ခြင်းဖြစ်ပြီး ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

# 7 Day Daily