အိုင်အက်စ်ခေါင်းဆောင်၏ နောက်ဆုံးနေ့ နီးကပ်လာပြီဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆို

အိုင်အက်စ်ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီ၏ အဆုံးသတ်ကာလများ တရွေ့ရွေ့ နီးကပ် လာနေပြီဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ပြောကြားလိုက်သည်။

အိုင်အက်စ်၏ စစ်ဦးစီးများ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ပြီ ဖြစ်သလို ဘဂ္ဂဒက်ဒီ အနေဖြင့်လည်း အလားတူ ကြမ္မာဆိုးကြုံရန် အချိန်အတိုင်းအတာတစ်ခုသာ လိုတော့ကြောင်း တိုင်လာဆန်က ဆိုသည်။ တိုင်လာဆန် သည် အိုင်အက်စ်ကို တိုက်ခိုက်နေသည့် ၆၈ နိုင်ငံပါ မဟာမိတ် အဖွဲ့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် စည်းရုံးတွေ့ဆုံပြီးနောက် ယခုလို ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ဟာ ဒီတိုက်ပွဲမှာ ပိုပြီး အင်အားတောင့်တင်းစွာ ပါဝင်ရပ်တည်မှာ ဖြစ်သလို ပြင်းပြင်းထန်ထန် ချေမှုန်းမှုတွေ ပြုလုပ်သွားမှာပါ။ ရက်စက်ခက်ထန်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို အမြစ်ပြတ်အောင် သုတ်သင် ရှင်းလင်းရေးဟာ အမေရိကန်ရဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် မဟာမိတ်များ၏ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အိုင်အက်စ်ထံသို့ ဂျီဟတ်ဝါဒီ စစ်သွေးကြွများ ပေါင်းစည်းဝင်ရောက်မှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်းလည်း တိုင်လာဆန်က ကြေညာသည်။ “အကြမ်းဖက်အဖွဲ့ရဲ့ လက်ထောက်စစ်ဦးစီး အားလုံးနီးပါး သေကုန်ကြပြီ။ ဘဂ္ဂဒက်ဒီ ကိုယ်တိုင်လည်း ဒီကြမ္မာမျိုး ကြုံဖို့ သိပ်မလိုတော့ပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။

ထိုအတောအတွင်း အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များသည် အိုင်အက်စ်ကို တိုက်ခိုက်နေ သည့် ဆီးရီးယားတော်လှန်ရေးအုပ်စုများကို ပထမဆုံးအကြိမ် လေကြောင်းမှ သယ်ယူပို့ဆောင်မှု အထောက်အပံ့ ပေးခဲ့ကြောင်း သိရသည်။

ပင်တဂွန် စစ်ဌာနချုပ်က ဆီးရီးယား ဒီမိုကရက် အင်အားစု (SDF) တပ်ဖွဲ့များကို မဟာမိတ်လေယာဉ် များက တက်ဘ်ကာ ရေလှောင်တမံအနီးရှိ အိုင်အက်စ် စစ်ကြောင်းများ၏ နောက်ဘက်တွင် ချပေးခဲ့ ကြောင်း ကြေညာသည်။ အဆိုပါရေလှောင်တမံသည် အိုင်အက်စ်၏ ပင်မခြေကုပ်စခန်းဖြစ်သော ရက္ကာမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။

အဆိုပါရေလှောင်တမံကို ထိန်းချုပ်ရေးအတွက် တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ယင်း နေရာတွင် အိုင်အက်စ်တပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး ရေလှောင်တမံကို ကာကွယ်နေဆဲဟုလည်း ပင်တဂွန် ၏ ကြေညာချက်အရ သိရှိရသည်။      –Ref: BBC