လုံခြုံရေးအရ မိုင်းရှူးရှိ ကျေးရွာအုပ်စုသုံးခုတွင် ရွေးကောက်ပွဲမကျင်းပရန် ဒီချုပ်အမတ်လောင်းနှစ်ဦး ၏တင်ပြမှု SNLD ကန့်ကွက်မည်

မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲမကျင်းပရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းနှစ်ဦးက ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားမှုကို ကန့်ကွက်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

လုံခြုံရေးအခြေအနေများအရ စိတ်တိုင်းကျ စည်းရုံးနိုင်ခြင်းမရှိဟုဆိုကာ ကွန်ကျောင်း၊ မော်မေ့၊ နောင်အက် စသည့် ကျေးရွာအုပ်စုသုံးခုတွင် ရွေးကောက်ပွဲမကျင်းပရန် မိုင်းရှူးမြို့နယ်၌ ဝင်ရောက်ရွေးချယ်ခံမည့် NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက မတ်လ ၂၀ ရက်တွင် စာတင်ထားကြောင်း လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က ပြောသည်။ ‘‘သူတို့က ရွေးကောက်ပွဲကို ကျေးရွာအုပ်စုသုံးစုမှာ မကျင်းပဖို့ ကန့်ကွက်တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော် တို့က မဲလက်မှတ်တွေ ပို့ပြီးသားဖြစ်နေပြီ’’ ဟု ၎င်းက ပြောကြားသည်။

မဲဆန္ဒရှင်များ၏ သဘောထားကိုမရယူဘဲ မဲရုံပိတ်ရန်ဆောင်ရွက်ခြင်းသည် လူထု၏မဲ ပေးပိုင်ခွင့် အခွင့် အရေးကို ချိုးဖောက်ရာရောက်သည်ဟု ဦးစိုင်းလိတ်က ပြောသည်။ ‘‘လူ့အခွင့်အရေးတွေ တိုးတက်ရရှိဖို့ အတွက် ဒီမိုကရေစီကို ပိုပြီးနီးကပ်လာပြီလို့ ပြောလို့ရမယ့် အချိန်မှာ ကျမှ ဒီလူ့အခွင့်အရေးကို ပိုပြီးလေးစားလိုက်နာ သင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ NLD ရဲ့ ရေးသား တင်ပြချက်ကို ပြန်ပြီးကန့်ကွက်မှာပါ’’ ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းရှူးမြို့နယ်ရှိကျေးရွာအုပ်စုသုံးခုတွင် ရွေးကောက်ပွဲမကျင်းပရန် တင်ပြထားမှုကို ပါတီဗဟိုက ညွှန်ကြားထားခြင်းမရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောသည်။

မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်က ယင်းကိစ္စကို မတ်လ ၂၃ ရက်တွင် သက်ဆိုင်ရာကော်မရှင် တာဝန်ရှိသူများနှင့် ယင်းမြို့နယ် အတွင်း ဝင်ပြိုင် မည့် ပါတီအားလုံးမှ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းမည်ဟု ပြောသည်။ ‘‘မနက်ဖြန် ကော်မရှင်မှာ ပါတီစုံနဲ့ ကော်မရှင်နဲ့ ဆွေးနွေးကြမှာပါ။ အဲဒီအချိန်မှာ တိတိကျကျသိရမှာပါ’’ ဟု ဦးဝင်းနိုင်က မတ် လ ၂၂ ရက်တွင် ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ်၌ ဝင်ပြိုင်မည့်ပါတီများမှာ NLD၊ SNLD၊  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ၊ ‘ဝ’ လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်သည်။

‘‘ပါတီကြီးတစ်ခုရဲ့ တိုင်တန်းချက်အရသာ သူတို့တစ်ဖက်သတ်ဆုံးဖြတ်မယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုယ်၌လည်း အမှားမကင်းတဲ့ လုပ်ရပ်မျိုးကျူးလွန်မိမှာကို ကျွန်တော် စိုးရိမ်မိ ပါတယ်’’ ဟု ဦးစိုင်း လိတ်က ပြောသည်။ # 7 Day Daily