ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ဟာ ပါတီစွဲ ဝါဒစွဲ ပုဂ္ဂိုလ်စွဲ ဒေသစွဲမထားရှိဘဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အသိဆန္ဒလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမယ်

 

လက်ရှိအစိုးရဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရဖြစ်တာနဲ့အညီ ပြည်သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးရမှာ အစိုးရရဲ့ အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ လွှတ်တော်ဟာ ပြည်သူ့ ကိုယ် စားလှယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများမထားရှိဘဲ နိုင်ငံအတွင်းက တိုင်းရင်းသားပြည်သူများရဲ့ အသိ၊ ဆန္ဒ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ဖြစ်တာကို သတိမလွတ် စေရေးအတွက် အကြံပြုချက်များကို ဆောင်ရွက်သွားပါမယ်။

ရွေးကောက်ပွဲဆိုတာ ပြည်သူများက မိမိကိုယ်စား ဆောင်ရွက်ပေးမယ့်သူကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှ မိမိပြန်ရမှာက အမှန်တရားဖြစ်ကြောင်း တင်ပြလိုပါတယ်။

မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇ဝ ဟာ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ တောင်သူလယ်သမားများရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကို မည်သည့်အစိုးရဖြစ်စေ ဦးစားပေးရေးကို မေ့လျော့နေလို့မဖြစ်ပါဘူး။ ယခင်က ကျေးဇူးရှင်တောင်သူလယ်သမားများအဖြစ်မှ အကြွေးများရှင် တောင်သူလယ်သမားများ မဖြစ်စေရေး ကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်နှင့် တွေ့ဆုံမေးမြန်း ဖြေကြားချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။