အိုင်အက်စ်ရန်ကြောင့် လေယာဉ်များပေါ် အကြီးစား အီလက်ထရောနစ် ပစ္စည်းများ ယူဆောင်ခွင့် အမေရိကန် ပိတ်ပင်

အိုင်အက်စ် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်သောကြောင့် အမေရိကန်သို့ ဦးတည်သည့် လေယာဉ်ခရီးစဉ်အချို့တွင် Laptop ကွန်ပျူတာများ အပါအဝင် အကြီးစား အီလက် ထရောနစ်ပစ္စည်းများ သယ်ဆောင်ခွင့်ကို တားမြစ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် ဗြိတိန်အစိုးရများက ယခုသီတင်းပတ်တွင် အချို့သော လေကြောင်းခရီးစဉ်များ၌ အီလက် ထရောနစ်ပစ္စည်း အကြီးစားများ တင်ဆောင်ခွင့်ကို တားမြစ်သည့်အစီအစဉ် စတင်မည့်အကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မကျေမနပ် ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများက ထိုကိစ္စသည် အိုင်အက်စ်တို့က အီလက်ထရောနစ်ပစ္စည်းများထဲတွင် ဖောက်ခွဲရေးကိရိယာများ ခိုးဝှက်ထည့်သွင်းထား နိုင်သည့် အန္တရာယ်ရှိနေကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိထား၍ဟု ဖြေရှင်းခဲ့သည်။ အမေရိကန် အာဏာပိုင်များက အဆိုပါထောက်လှမ်းရေးသတင်းသည် ယုံကြည်ရလောက်သည့် ခိုင်မာမှုမျိုး ရှိနေ ကြောင်း ဆုံးဖြတ်ခဲ့သည်။

အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်သော ပိတ်ပင်မှုသည် လေကြောင်းလိုင်း ၉ ခုက ကိုင်တွယ် ဆောင်ရွက်နေပြီး နိုင်ငံပေါင်း ၈ ခုမှ အမေရိကန် လေဆိပ် ၁၀ ခုသို့ ပျံသန်းသည့်ခရီးစဉ် များတွင် စတင်သက်ရောက် အကျုံးဝင်မည် ဖြစ်သည်။

ထိုပိတ်ပင်မှုတွင် ဖုန်းကဲ့သို့ သေးငယ်သောပစ္စည်းများနှင့် ဆေးဝါးစောင့်ရှောက် ကုသမှုဆိုင်ရာ ပစ္စည်းများ ကို ကင်းလွတ်ခွင့်ပေးထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်သည် မကြာသေးမီက နိုင်ငံပေါင်း ၆၈ ခုမှ ထိပ်တန်းအစိုးရအရာရှိများနှင့် တွေ့ဆုံကာ အိုင်အက်စ်စစ်သွေးကြွများ၏ ခြိမ်းခြောက် မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အမေရိကန် အစိုးရ၏ အဆိုအရ ယခုလို တွေ့ဆုံမှုသည် အိုင်အက်စ်ကို စုပေါင်းတိုက်ခိုက်နေသည့် မဟာမိတ် နိုင်ငံများကြား ၂၀၁၄၊ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် စုံညီ စည်းဝေးဖြစ်ခဲ့ခြင်းဟုလည်း သိရသည်။ Ref: BBC