လေပွေလှိုင်းများကြောင့် အချိန်အခါ မဟုတ် မိုးရွာမည်

အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် နောက်သုံးရက်အတွင်း ဒေသအချို့တွင် အချိန်အခါ မဟုတ် မိုးများရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

အနောက်ဘက်မှ ရွေ့လျားလာသည့် လေအေးများနှင့် ဘင်္ဂလား ပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများ စုဆုံမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ အရှိန်ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ ၂၂ ရက်နေ့ အတွင်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

နေ့အပူချိန်များ မြင့်တက်နေရာတွင် ချောက်မြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံ မြို့၊ တောင်ငူမြို့နှင့် ဟင်္သာတမြို့တို့တွင် ၃၈ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသို့ နေ့အပူချိန်များ မြင့်တက်မှုကြောင့် မိုးတိမ်တောင်များကြောင့်ဖြစ်ပြီး အချိန်အခါမဟုတ် မိုးနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်ခတ်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

# The Voice