တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖိလစ်ပိုင် သမ္မတနှင့်တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ(၂၀)ရက်နေ့ လည်ပိုင်းက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Rodrigo Rao Duterte နဲ့ နေပြည်တော်ရှိ Horizon Lake View Hotel မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော် အရာရှိကြီးတွေ တက်ရောက်ကြ ပြီး ဖိလစ်ပိုင်သမ္မတနဲ့အတူ Secretary of National Defence H.E. Mr. Delfin Lorenzana မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Alex Chuaနဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ် တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ လို့သိရပါတယ်။

တွေ့ဆုံပွဲအပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ H.E. Mr. Rodrigo Rao Duterte တို့ ဟာ တက်ရောက်လာကြသူတွေနဲ့အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

Central News Bureau